Tuesday, November 3, 2026

ဒီဂျစ်တယ်ခေတ်၏ ကမ္ဘာကြီးတွင် ဝေဖန်ဆန်းစစ်မှုနှင့် အသိပညာကြွယ်ဖို့လို


 

ယနေ့ခေတ်တွင် သတင်းအချက်အလက်များစွာတို့က အချိန်နှင့်အမျှ မိမိထံဦးတည်၍ စက္ကန့်မလပ်စီးဆင်းလာနေသည်။ ထိုသတင်းအချက်အလက်များစွာတို့တွင် အစစ်လည်းပါသည်၊ အတုလည်းပါသည်။ အကျိုးရှိစေသည်လည်းပါသည်၊ အကျိုးယုတ်စေသည်လည်းပါသည်။ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်း ကောင်းရာကောင်းကြောင်းပါသလို ပျက်စီးရာပျက်စီးကြောင်း အဖျက်အမှောင့်များလည်းပါသည်။

ဒီဂျစ်တယ်ခေတ်တွင် ပျံ့နှံ့နေသောသတင်းမှား၊ သတင်းတုများနှင့် လုပ်ကြံသတင်းများကို ဝေဖန်ပိုင်းခြားနိုင်ရန်၊ သတင်းအချက်အလက်များကို မှန်ကန်စွာ ရှာဖွေဆန်းစစ်အသုံးပြုနိုင်ရန်နှင့် အများပြည်သူ၏ မီဒီယာဗဟုသုတစွမ်းရည်ကိုမြှင့်တင်ရန် ရည်ရွယ်၍ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)က ကမ္ဘာ့မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်ကို နှစ်စဉ်အောက်တိုဘာလ ၂၄ ရက်မှ ၃၁ ရက်အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်။

မျက်မှောက်ခေတ်တွင် သတင်းအချက်အလက်သိနားလည်မှု (Information Literacy) သည် လူတိုင်းနှင့်သက်ဆိုင်လာပြီဖြစ်ပြီး မဖြစ်မနေသိနားလည်ရန်လိုအပ်လာသည်။ သတင်းအချက်အလက် သိနားလည်မှုဆိုသည်မှာ မိမိအတွက်မည်သည့် သတင်းအချက်အလက် လိုအပ်နေသည်ကိုသိရှိပြီး ထိုအချက်အလက်ကို ထိရောက်စွာရှာဖွေနိုင်ခြင်း၊ အမှန်အမှားဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်ခြင်းနှင့် စနစ်တကျပြန်လည်အသုံးပြုနိုင်ခြင်းဆိုင်ရာ စွမ်းရည်ပင်ဖြစ်သည်။ သတင်းအချက်အလက်များစွာ စီးဆင်းပျံ့နှံ့နေသည့် ယနေ့ခေတ်တွင် သတင်းတစ်ခုကို မြင်မြင်ချင်း ချက်ချင်းမယုံကြည်ဘဲ စစ်မှန်မှု ရှိမရှိကို ကိုယ်တိုင်ဝေဖန်ဆန်းစစ်နိုင်သည့် အရည်အချင်းဟုလည်း ဆိုနိုင်သည်။

သတင်းအချက်အလက် သိနားလည်နိုင်စွမ်းရှိသူသည် အွန်လိုင်းပေါ်ရှိ သတင်းမှား၊ သတင်းတုနှင့် လုပ်ကြံသတင်းများ၏ လှည့်စားမှုကို မခံရအောင် မိမိကိုယ်ကိုကာကွယ်နိုင်သည်။ မိမိအကျိုးစီးပွားအလို့ငှာ လိုအပ်သည့်ဆုံးဖြတ်ချက်များကိုလည်း မှန်ကန်သည့် အချက်အလက်များပေါ်အခြေခံ၍ ချမှတ်နိုင်သည်။ ဒီဂျစ်တယ်ခေတ်၏ကမ္ဘာကြီးတွင် ကိုယ်ပိုင်တွေးခေါ်မြော်မြင်မှုရှိပြီး အသိပညာကြွယ်ဝသည့် နိုင်ငံသားတစ်ယောက် ဖြစ်လာစေနိုင်သည်။

ယနေ့ လူမှုကွန်ရက်အသုံးပြုကြည့်ရှုသူအများစုတို့မှာ ငွေကြေးအမြတ်အစွန်း သို့မဟုတ် ကြည့်ရှုသူဦးရေ ( Views) များများရရှိရေးအတွက်သာ အဓိကဦးတည်သည့် အကြံအဖန်သတင်း (Clickbait) များကို နေ့စဉ်ဆိုသလို မြင်တွေ့နေကြရသည်။ အကြံအဖန်သတင်းများဆိုသည်မှာ သတင်းအချက်အလက်ကို မှန်မှန်ကန်ကန် ခိုင်ခိုင်လုံလုံတင်ပြခြင်းထက် ကြည့်ရှုသူအများအပြား စိတ်ဝင်စားလာစေရန်နှင့် လူပြောသူပြောများလာစေရန် သတင်းများကို ချဲ့ကားခြင်း၊ လုပ်ကြံဖန်တီးခြင်း၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ပုံဖော်ခြင်းတို့ကို မီဒီယာကျင့်ဝတ်ကင်းမဲ့စွာ ပြုလုပ်ထားကြသည့် သတင်းမျိုးဖြစ်သည်။

၎င်းတို့သည် သတင်းအကြောင်းအရာနှင့် မအပ်စပ်ဘဲ လူစိတ်ဝင်စားစေမည့် ခေါင်းစဉ်ဆန်းဆန်းများ၊ ထိတ်လန့်ဖွယ် ခေါင်းစဉ်များပေးထားတတ်ပြီး တိကျသောသတင်းအရင်းအမြစ်မပါရှိခြင်း၊ တစ်ဆင့်စကားများကို အတည်ပြုချက်မယူဘဲ ရေးသားခြင်း၊ သတင်းခိုးယူဖော်ပြခြင်းတို့ ပြုလုပ်ကြသည်။ စာဖတ်သူများ ဒေါသထွက်စေရန်၊ ကြောက်ရွံ့စေရန်၊ သနားစရာဖြစ်စေရန် လူတို့၏ခံစားချက်ကို လှုံ့ဆော်သည့် ရေးသားမှုမျိုးကို အသုံးပြုကြသည်။ အများပြည်သူအတွက် အကျိုးရှိစေမည့် သတင်းများထက် အနုပညာရှင်များ၊ နာမည်ကြီးပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာများနှင့် အတင်းအဖျင်းများကို အကျယ်တဝင့်ဖော်ပြတတ်သလို သာမန်ကိစ္စတစ်ခုကို ပုံကြီးချဲ့ကား၍ လူထုကြားတွင် ထိတ်လန့်မှုဖြစ်ပေါ်အောင်လည်း ဖန်တီးတတ်ကြသည်။ အွန်လိုင်းတွင် ၎င်းတို့တင်သည့် ဗီဒီယို သို့မဟုတ် စာမျက်နှာကို ဝင်ကြည့်သူများပြားမှသာ ကြော်ငြာခရရှိမည်ဖြစ်သောကြောင့် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံသတင်းများဖြန့်ဝေ၍ စီးပွားရှာကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့ဖတ်ရှုနေသော သတင်းသည် ခိုင်လုံသောမီဒီယာကြီးများမှလာခြင်း ဟုတ်မဟုတ် ဆန်းစစ်နိုင်ရန် လွန်စွာအရေးကြီးသည်။

အင်တာနက်နှင့် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများသည် မိမိအတွက်ရော မိမိတို့၏လူ့အဖွဲ့အစည်းအတွက်ပါ အန္တရာယ်ဖြစ်ပေါ်စေနိုင်သည်ကို သိရှိနားလည်ပြီး သတင်းတု၊ သတင်းမှား၊ အကြံအဖန်သတင်းများနှင့် အမုန်းစကားများကို ဆန့်ကျင်တိုက်ဖျက်ရန်၊ မှန်ကန်ခိုင်လုံသည့် သတင်းအချက်အလက်များကို အများကောင်းကျိုးအတွက် ဖြန့်ဝေရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို မှန်ကန်စွာအသုံးချနိုင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment