ရန်ကုန် နိုဝင်ဘာ ၅
ငှက်မျိုးစိတ်ကြွယ်ဝသည့် မြန်မာနိုင်ငံတွင် ယခုဆောင်းဦးရာသီ၌ ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ် ၁၂ မျိုး မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဆောင်းခိုငှက်များအဖြစ် စတင်ဝင်ရောက်ကျက်စားနေပြီဖြစ်ကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းရာသီတွင် ရေဝပ်ဒေသများနှင့်ဘေးမဲ့တောများရှိရာသို့ ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားမှု အခြေအနေပြောင်းလဲနိုင်မှုကို စောင့်ကြည့်နေကြပြီး ယခုအခါ မိုးယွန်းကြီးအင်းနှင့်ဆက်စပ်ရေဝပ်ဧရိယာများသို့ ဆောင်းခိုငှက်များစတင်ဝင်ရောက်လာခြင်း ဖြစ်သည်။
“မိုးယွန်းကြီးအင်းမှာ ဆောင်းခိုငှက်အချို့ စတင်ဝင်ရောက်နေတာရှိပါတယ်။ ဆောင်းခိုငှက် ဘဲပြာကလေးဆိုရင် မနှစ်ကထက်စောပြီး ဝင်လာတာတွေ့ရတယ်။ ဒါကထူးခြားမှုပါ။ ဒီနှစ်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေကို စောင့်ကြည့်ရဦးမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဆောင်းဦးရာသီတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ခရုစုတ်ခေါင်းမည်း၊ ငှက်ကြီးဝန်ပို၊ ဂေါ့တွေ့၊ မြစ်တွေး၊ ငှက်ကျား၊ ဥပန်း၊ စာဘုန်းကြီး၊ ကြိုးကြာ၊ လင်းယုန်၊ ချည်ခင်စွပ်၊ ဘဲနီစပ်နှင့် နှုတ်သီး ဂေါက်ကြီး စသည့်ဆောင်းခိုငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားမှုရှိပြီး ပြီးခဲ့သည့်ဆောင်းရာသီတွင် မိုးယွန်းကြီးအင်းသို့ ဆောင်းခိုငှက်ပေါင်း ၃၀၀၀၀ ကျော် ကျက်စားခဲ့သည်။
မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအပါအဝင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိန်းမလှကျွန်း၊ စလင်းဝက်သည်းကန် စသည့်ဘေးမဲ့တောများသို့ နှစ်စဉ်ဆောင်းခိုငှက်များနှင့် ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ရေပျော်ငှက်များ ဝင်ရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး

No comments:
Post a Comment