Saturday, November 21, 2026

မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် လူဦးရေစာရင်းများ မှန်ကန်စွာပြုစုဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၀

လာမည့် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က စိစစ်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/ ၆) အရ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ၊ လစဉ်ပြောင်းဝင်/ ပြောင်းထွက် လူဦးရေစာရင်းများနှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင်ရှိမည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ၏ လူဦးရေစာရင်းများ မှန်ကန်စွာပြုစုဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်နေသည့် မဲဆန္ဒနယ်များပါဝင်သည့် မြို့နယ် ၅၀ ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ယင်းမြို့နယ် ၅၀ ၏ မဲဆန္ဒနယ်အလိုက် မဲစာရင်းမှန်ကန်စေရန် တိကျမှန်ကန်သည့် အတည်ပြုလူဦးရေစာရင်းပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖွဲ့စည်းထားသည့် ကော်မတီအဆင့်ဆင့်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်းတွင် မပါဝင်ရမည့်သူများမပါရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက သတ်မှတ်ကာလအတွင်း အတည်ပြုလူဦးရေစာရင်းများ ပေးပို့ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ်ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment