Saturday, November 21, 2026

ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြား

 


နေပြည်တော် နိုဝင်ဘာ ၂၀

ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာအားလုံး ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရေးအတွက် အလေးထားပြီး ဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့နေပြည်တော်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပသည့် ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

မှာကြား

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ ပိုမိုအောင်မြင်ရန်၊ ကျေးလက်လမ်း၊ တံတားကွန်ရက်များ တိုးချဲ့ချိတ်ဆက်ပေးခြင်းဖြင့် သွင်းအားစုများ လွယ်ကူလျင်မြန်စွာ သယ်ပို့နိုင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများ အချိန်မီသယ်ပို့နိုင်ခြင်း၊ ကျေးလက်တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကျေးလက်သို့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ပြီး မြို့ပြဈေးကွက်သို့ သယ်ပို့နိုင်ခြင်းတို့ကြောင့် ကျေးလက်ပြည်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာများ အဆင်ပြေချောမွေ့ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ လမ်းတံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်၊ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ စေတနာထားဆောင်ရွက်သွားကြရန်နှင့် ဈေးကွက်အရောက် လမ်းကွန်ရက်ချိတ်ဆက်နိုင်ရေး စီမံကိန်းရေးဆွဲရာတွင် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ပြီးစီးသည့်အခါတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အသုံးပြုနိုင်ရန် မပျက်စီးစေရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ချက်အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment