Saturday, November 21, 2026

(၃၇) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၀

(၃၇) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယ‌နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က ကလေးများ ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူလတန်းကြိုကျောင်း ၁၅၂ ကျောင်း၊ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၂၈၁ ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေး၍ ဖွင့်လှစ်ခွင့်ပြုပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ အသက် ၁၈ နှစ်အောက် ကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ်သော ကလေးသူငယ်များနှင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သော ကလေးသူငယ်များအတွက် လူငယ်သင်တန်းကျောင်း ၁၁ ကျောင်းကို ဖွင့်လှစ်စောင့်ရှောက်၍ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ပေးရာတွင် မသန်စွမ်းကလေးသူငယ်များ ကျန်ရစ်ခြင်းမရှိစေရန်အတွက် အသက် (၆)နှစ်မှ (၁၈)နှစ်အတွင်းရှိ မသန်စွမ်း ကလေးသူငယ်များအတွက် မျက်မမြင်ကျောင်း နှစ်ကျောင်း၊ နားမကြားသောကလေးများကျောင်း နှစ်ကျောင်း၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း၊ မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာနှစ်ခုတို့ကို ဖွင့်လှစ်ထားပြီး အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးလျက်ရှိပါကြောင်း။

ထို့ပြင် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program-MCCT)ကို တိုင်းဒေသကြီး/ ပြည်နယ် ခုနစ်ခုတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ လူမှုရေးရာဖြစ်ရပ်များကို အကူအညီတောင်းခံခြင်း၊ တိုင်ကြားခြင်းများကို အလွယ်တကူဆောင်ရွက်နိုင်ရန်အတွက် Help Line ဖုန်းနံပါတ် 1566 ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိပြီး စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Informa-tion System–SMIS)ကို တည်ထောင်ထား၍ လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ အာဆီယံအမျိုးသမီးများနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on the Promotion and Protec-tion of the Rights of Women and Children - ACWC)တွင် ကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ My day. My rights. My future.” “ကလေးများ အနာဂတ်လှပရေး နေ့စဉ်အခွင့်အရေးများ မြှင့်တင်ပေး”ဖြစ်ပါကြောင်း၊ ကလေးများ၏ အတွေးအခေါ်၊ အကြံဉာဏ်နှင့် ဖန်တီးနိုင်စွမ်းများကို အသိအမှတ်ပြုပေးရန်နှင့် ကလေးများကိုယ်တိုင်ပါဝင်ပြီး မသန်စွမ်းကလေးများအပါအဝင် အားလုံးအကျုံးဝင်သော လူမှုအသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး နေပြည်တော် ကလေးပြုစုရေးစင်တာနှင့် မူလတန်းကြိုကျောင်းများမှ ကလေးများက သရုပ်ဖော်တင်ဆက်ကပြခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် ကလေးများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment