Saturday, October 10, 2026

ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့်များနှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

 


နေပြည်တော် အောက်တိုဘာ ၉

ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့်များနှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် ဘားအံမြို့ လှာကမြင်ရပ်ကွက်နေ ဇော်မိုးလွင် (ခ) ဇော်မိုး (၅၅)နှစ် မောင်းနှင်ပြီး ဘားအံမြို့ အမှတ် (၅) ရပ်ကွက်နေ သက်ခိုင်ထွေး (၂၂) နှစ် လိုက်ပါလာသော MITSUBISHI PAJERO အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် ၁၀၀၀၀၀ တောင့် ဖမ်းဆီးရမိပြီး သတင်းကွင်းဆက်အရ ယင်းနေ့ညနေ ၄ နာရီခွဲတွင် မှော်ဘီမြို့နယ် တပ်ကြီးကုန်းရွာနေ ဆန်းမြင့်ထွေး (၄၆)နှစ် မောင်းနှင်ပြီး တပ်ကြီးကုန်းရုံးပေါင်းစုံနေ ပြုံးမောင်မောင် (၃၂) နှစ်နှင့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ ရန်နိုင်လွင် (၃၂) နှစ်တို့ လိုက်ပါလာသည့် TOYOTA SUCCED အမျိုးအစားယာဉ်ပေါ်မှ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် ၃၈၆၀၀ ကို ထပ်မံဖမ်းဆီးရမိပြီး ကွင်းဆက်အရ ည ၉ နာရီတွင် မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့်များ သယ်ဆောင်ခိုင်းသူ တင်ဌေး (ခ) ဟာဆန် (၄၄) နှစ်အား သထုံမြို့ အောက်ကျင်းရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့၍ တစ်တောင့်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် ၁၃၈၆၀၀ သိမ်းဆည်းရမိသဖြင့် ဇော်မိုးလွင် (ခ) ဇော်မိုး၊ သက်ခိုင်ထွေး၊ ဆန်းမြင့်ထွေး၊ ပြုံးမောင်မောင်၊ ရန်နိုင်လွင်နှင့် တင်ဌေး (ခ) ဟာဆန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအရေးယူထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအနီးတွင် လားရှိုးမြို့ ရပ်ကွက် (၇) နယ်မြေ (၆) နေ ကျော်ဦး (၂၇) နှစ် မောင်းနှင်လာသော MITSUBISHI OUTLANDER အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅၅၀) ဖမ်းဆီးရမိသဖြင့် ကျော်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment