အေမီ
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရချို့တဲ့မှုတိုက်ဖျက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကို စတင်တည်ထောင်ခဲ့ပါသည်။
အဆိုပါ အထူးအထိမ်းအမှတ်နေ့ကိုအစွဲပြု၍ နှစ်စဉ်အောက်တိုဘာလ
၁၆ ရက်နေ့ကို “ကမ္ဘာ့ စားနပ်ရိက္ခာနေ့” (World Food Day) အဖြစ် သတ်မှတ်ရန်နှင့် နှစ်စဉ်ကျင်းပရန်
ဟန်ဂေရီနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာပါလ်ရိုမန်နီ
(Dr. Pál
Romány)
က ၁၉၇၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော အကြိမ် (၂၀) မြောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့သို့ အဆိုပြုတင်သွင်းခဲ့ရာ ၎င်း၏အဆိုပြုချက်ကို ညီလာခံမှ သဘောတူခဲ့ကြသည်။
ပထမအကြိမ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ၁၉၈၁
ခုနှစ်မှစတင်ကာ ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပရာတွင်လည်း
ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ဆာလောင်မွတ်သိပ်မှု၊ ဆင်းရဲနွမ်းပါးမှုနှင့် အာဟာရချို့တဲ့မှုပြဿနာများကို
သိရှိနားလည်ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်ရန်၊ စိုက်ပျိုးရေးထုတ်လုပ်မှု
တိုးတက်ကောင်းမွန်လာစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များကိုကျင့်သုံးရန်နှင့်
အစားအစာထုတ်လုပ်ဖြန့်ဖြူးမှု မညီမျှခြင်းများကို ဖြေရှင်းရန် တိုက်တွန်းနှိုးဆော်ရန်၊
စားရေရိက္ခာဖူလုံရေးအတွက် အစိုးရများ၊ ပုဂ္ဂလိကများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအချင်းချင်း
လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြပါသည်။
ယနေ့အချိန်အခါတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့သည်
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော အရေးပါဆုံးသော ကုလသမဂ္ဂအထိမ်းအမှတ်နေ့များထဲမှ
တစ်ခုဖြစ်လာခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိသော စားရေရိက္ခာစနစ်များဖော်ဆောင်ရေးနှင့်
“Zero Hunger” (ဆာလောင်မွတ်သိပ်မှု ကင်းစင်ရေး) ပန်းတိုင်ကို အကောင်အထည်ဖော်ရန် နှစ်စဉ်ကမ္ဘာ့ဆောင်ပုဒ်
အသစ်များဖြင့် လှုံ့ဆော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
တည်ငြိမ်အေးချမ်းရေးအတွက် “လူသားအရည် အသွေးဖွံ့ဖြိုးတိုးတက်မှု” သည် အဓိကအုတ်မြစ်ဖြစ်ပါသည်။
ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ပညာထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်မှာ
နိုင်ငံသားအားလုံးအာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအပေါ်တွင် များစွာမူတည်နေပါသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏
ဆောင်ပုဒ်ဖြစ်သော “ယနေ့ တီထွင်ဆန်းသစ်မှ အာဟာရပြည့်ဝ အနာဂတ်လှ” (Innovate today.
Nourish tomorrow.) ဆိုသည့် ဆောင်ပုဒ်သည် လက်ရှိကာလအတွက် အလွန်ပင် အဓိပ္ပာယ်ပြည့်ဝပြီး
လက်တွေ့လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ထားသည့် ဦးတည်ချက်ကောင်းတစ်ရပ်ပင် ဖြစ်ပါသည်။
ဤဆောင်ပုဒ်၏ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက်
နိုင်ငံတော်၏ အခြေခံစီးပွားရေး မောင်းနှင်အားဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းကဏ္ဍများတွင် ခေတ်မီနည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများကို တိုးမြှင့်ဖော်ဆောင်သွားကြရန်
အရေးကြီးပေသည်။
ကမ္ဘာတစ်ဝန်းတွင် လူဦးရေခန့်မှန်းခြေ ၆၄၅
သန်း (ကမ္ဘာ့လူဦးရေ၏ ၇ ဒသမ ၈ ရာခိုင်နှုန်းခန့်) သည် စားရေရိက္ခာမလုံလောက်မှုနှင့်
ဆာလောင်မွတ်သိပ်မှုကို တိုက်ရိုက်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ပုံမှန်အာဟာရပြည့်ဝသော အစားအစာများကို
လုံလောက်စွာမစားသုံးနိုင်ဘဲ အစားအစာအရည် အသွေးနှင့်ပမာဏကို လျှော့ချစားသုံးနေရသူ စုစုပေါင်းကမ္ဘာ့လူဦးရေ၏
၂၅ ဒသမ ၈ ရာခိုင်နှုန်း ခန့်ရှိပြီး လူဦးရေအားဖြင့် ၂ ဒသမ ၁ ဘီလီယံ (သန်း ၂၁၀၀) ကျော်အထိ
ရှိနေပါသည်။ အာဖရိကတိုက်သည် ကမ္ဘာပေါ်တွင် စားရေရိက္ခာအကျပ်အတည်း အဆိုးရွားဆုံးရင်ဆိုင်နေရသည့်ဒေသဖြစ်ပြီး
လူဦးရေ ၃၀၉ သန်းခန့် (အာဖရိကတိုက် လူဦးရေ၏ ၂၀ ဒသမ ၀ ရာခိုင်နှုန်း) သည် ဆာလောင်မွတ်သိပ်မှုကို
ခံစားနေရပါသည်။
လူဦးရေသိပ်သည်းဆများပြားသည့် အာရှတိုက်တွင်
လူဦးရေ ၂၉၂ သန်းခန့် (အာရှတိုက်လူဦးရေ၏ ၆ ဒသမ ၀ ရာခိုင်နှုန်း) သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို
ခံစားနေရဆဲဖြစ်ပြီးဒေသအလိုက် တိုးတက် မှုများရှိသော်လည်း လူဦးရေအရေအတွက်အရ သိသာထင်ရှားဆဲဖြစ်ပါသည်။
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် လူဦးရေ
၃၂ သန်းခန့် (လက်တင်အမေရိကနှင့် ကာရေဘီယံဒေသလူဦးရေ၏ ၄ ဒသမ ၈ ရာခိုင်နှုန်း) သည် ဆာလောင်မွတ်သိပ်မှုကို
ရင်ဆိုင်နေရပြီး မကြာသေးမီနှစ်များအတွင်း စားရေရိက္ခာဖူလုံရေးအခြေအနေများ တဖြည်းဖြည်းတိုးတက်ကောင်းမွန်
လာသည်ကို တွေ့ရပါသည်။
ကမ္ဘာပေါ်တွင် လူပေါင်း ၂ ဒသမ ၁ ဘီလီယံ
ကျော်မှာ စားရေရိက္ခာမလုံလောက်မှုဒဏ်ကို ပုံစံ အမျိုးမျိုးဖြင့် ခံစားနေကြရပြီး အထူးသဖြင့်
အာဖရိကနှင့် အာရှတိုက်တို့သည် လူဦးရေထူထပ်မှုနှင့် ရာသီဥတုဒဏ်ခံရမှုများကြောင့် စားရေရိက္ခာအကျပ်အတည်းကို
အကြီးမားဆုံးရင်ဆိုင်နေရသော ဒေသများဖြစ်ကြပါသည်။
အာဆီယံသည် ကမ္ဘာ့စပါးကျီကြီးများထဲတွင်
ပါဝင်သော်လည်း ရာသီဥတုဖောက်ပြန်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်ခြင်းနှင့်
စီးပွားရေးမတည်ငြိမ်မှုများကြောင့် အချို့ သောနိုင်ငံများတွင် စားရေရိက္ခာမလုံလောက်မှုနှင့်
အာဟာရချို့တဲ့မှု (ဥပမာ - ကလေးငယ်များ ကိုယ်အလေးချိန်ကျခြင်း၊ အရပ်ပုခြင်း) ပြဿနာများကို
အဓိကရင်ဆိုင်နေရဆဲဖြစ်ပါသည်။
စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံကဲ့သို့သော
နိုင်ငံများတွင် စားရေရိက္ခာနှင့် အာဟာရပြဿနာ အလွန် နည်းပါးသော်လည်း လာအို၊ ကမ္ဘောဒီးယား၊
ဖိလစ်ပိုင်၊ မြန်မာနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများမှာမူ ရာသီဥတုဒဏ်၊ သွင်းအားစုကုန်ကျစရိတ်ကြီးမြင့်မှုနှင့်
အာဟာရချို့တဲ့မှုဆိုင်ရာ စိန်ခေါ်မှုများကို ပုံစံ အမျိုးမျိုးဖြင့် ဆက်လက်ရင်ဆိုင်နေကြရဆဲ
ဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံသားများအတွက်
အခြေခံစားသုံးကုန်များကို ထောက်ပံ့ပေးနေရုံသာမက အာဟာရဓာတ်ကြွယ်ဝသည့် သီးနှံများကိုပါ
တိုးမြှင့်ထုတ်လုပ်ပေးရပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသော ဆန်စပါး၊ ပဲမျိုးစုံနှင့်
ပြောင်းစသည့်သီးနှံမျိုးကောင်းမျိုးသန့်များကို ဇီဝကြွယ်ဝစေခြင်း
(Bio-fortification) နည်းပညာဖြင့် သုတေသနပြုထုတ်လုပ်စိုက်ပျိုးခြင်းဖြင့် လူထုအတွင်း
အာဟာရချို့တဲ့မှုကို ထိရောက်စွာကာကွယ်နိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး
အာဟာရတန်ဖိုးမြင့်မားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စနစ်ကျသောစိုက်ပျိုးရေး
(Smart Agriculture) နည်းလမ်းများဖြင့် တိုးချဲ့ စိုက်ပျိုးသင့်ပါသည်။ ဓာတုပစ္စည်းသုံးစွဲမှုကိုလျှော့ချကာ
ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စိုက်ပျိုးရေးထွက်ကုန်များ (Safe Food)ကို ထုတ်လုပ်ရန်အတွက်
မျိုးစေ့မှသည် ရိတ်သိမ်းပြီးနောက်ပိုင်း နည်းပညာများအထိ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
လူသားတို့၏ ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရည်အသွေးမြင့် တိရစ္ဆာန်ထွက် ပရိုတင်းဓာတ်များ မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့်
အသား၊ နို့နှင့် ဥထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော တိရစ္ဆာန်မျိုးများကို
မျိုးဗီဇထိန်းသိမ်းခြင်းနှင့် မျိုးကောင်းမျိုးသန့်ရရှိစေရေး သုတေသနပြုလုပ်ခြင်းတို့ဖြင့်
တိုးမြှင့်မွေးမြူရမည်ဖြစ်ပါသည်။
စားသုံးသူများအတွက် ဘေးကင်းလုံခြုံသော အသား၊
နို့၊ ဥများကို လုံလောက်စွာဖြည့်ဆည်း ပေးနိုင်ရေးအတွက် တိရစ္ဆာန်အစာအာဟာရ ဖော်စပ်မှုတွင်
ဆန်းသစ်သောနည်းပညာများကို အသုံးပြုခြင်း၊ ရောဂါကင်းရှင်းပြီး စံချိန်မီသည့် တိရစ္ဆာန်မွေးမြူရေးခြံစနစ်များကို
ကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ပြင် မွေးမြူ ရေးထွက်ကုန်များကို
ရိုးရိုးအသားအဖြစ် ရောင်းချရုံသာမက ပြည်သူများအလွယ်တကူစားသုံးနိုင်ပြီး အာဟာရမဆုံးရှုံးစေရန်
တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် တီထွင်ထုတ်လုပ်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းများသည်
ပြည်သူများအတွက် အဓိကကျသော အာဟာရနှင့် ပရိုတင်းဓာတ် ရင်းမြစ်တစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်၍
ရေလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝရေအရင်းအမြစ်များ ထိန်းသိမ်းသည့်အပြင်
စနစ်ကျသော ငါးမွေးမြူရေးကန်များ တည်ဆောက်ပြီး ငါး၊ ပုစွန်များ မွေးမြူရာတွင်လည်း ရေအရည်အသွေးထိန်းသိမ်းခြင်း၊
အစာကျွေးရာတွင် နည်းပညာအသစ်များ အသုံးပြုခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ထွက်ကုန်များရရှိပေမည်။
ငါးသယံဇာတမပြုန်းတီးစေရန် ရေချိုနှင့်ရေငန်
ငါးသားပေါက်ဖမ်းဆီးခြင်း၊ စည်းကမ်းမဲ့ငါးဖမ်းဆီးမှုများကို တားဆီးကာ တာဝန်ယူမှုရှိသော
ရေလုပ်ငန်းစနစ်များကို တီထွင်ဖော်ဆောင်ရပါမည်။ ဖမ်းဆီးရရှိလာသော ရေထွက်ပစ္စည်းများကို
အာဟာရဓာတ်မဆုံးရှုံးဘဲ စားသုံးသူလက်ဝယ်သို့ လတ်ဆတ်စွာ ရောက်ရှိနိုင်ရေးအတွက် ခေတ်မီအအေးခန်းစနစ်များနှင့်
သန့်ရှင်းသောထုပ်ပိုးမှုနည်းပညာများကို အသုံးချရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် “ယနေ့တီထွင်
ဆန်းသစ်မှ အာဟာရပြည့်ဝ အနာဂတ်လှ” ဆိုသည့် ဆောင်ပုဒ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ပညာရှင်များနှင့် တောင်သူလယ်သမား
ညီအစ်ကိုမောင်နှမများအားလုံး လက်တွဲညီညီဖြင့် ရှေ့သို့ချီတက်ကြရန် နှိုးဆော်နေခြင်းပင်
ဖြစ်ပါသည်။
ခေတ်မီနည်းပညာများကို တီထွင်ဆန်းသစ်အသုံးချခြင်းဖြင့်
စားရေရိက္ခာဖူလုံမှုကို ရရှိစေရုံသာမက နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး
အာဟာရပြည့်ဝသည့်ဘဝများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အဖြစ်
တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment