Wednesday, October 21, 2026

FIFA U-15 ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော်တွင် မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်

 

ရန်ကုန် အောက်တိုဘာ ၂၀

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အသက် ၁၅ နှစ်အောက် ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် (FIFA U-15 World Cup & Festival 2026) တွင် မြန်မာ ယူ-၁၅ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၌ ပွဲစဉ်များကို တစ်သင်းလျှင် ရှစ်ဦးစီဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုနှစ်တွင် FIFA မှ အသင်းပေါင်း ၁၉၀ ကျော်ဖြင့် ပုံစံသစ်အဖြစ် စတင်ကျင်းပခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းကို နည်းပြချုပ် ဦးအောင်ဇော်မျိုးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကစားသမား စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ ယူ-၁၅ အသင်းပါဝင်သည့် အုပ်စု (W) ပွဲစဉ်များကို အောက်တိုဘာ ၂၄ ရက်တွင် ဂူအမ်အသင်း၊ အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဂါနာအသင်း၊ ညပိုင်းတွင် ဘဟားမားစ်အသင်း၊ အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ကာဇက်စတန်အသင်းနှင့် ညပိုင်းတွင် ဥဇဘက်ကစ္စတန် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ အသင်း သည် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ရန်ကုန်မြို့မှ အဇာဘိုင်ဂျန်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

နေမျိုး၊ ဓာတ်ပုံ-MFF


No comments:

Post a Comment