နေပြည်တော် အောက်တိုဘာ ၂၀
NUG၊ CRPH အကြမ်းဖက်အဖွဲ့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ၎င်းတို့အလိုကျဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် မြို့/ ရွာ/ ဒေသ အချို့ကို ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ကာ ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင်အခြေပြု၍ ခံစစ်စခန်းများ တည်ဆောက်ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ ၎င်းတို့အလိုမကျပါက သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံများအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများဖြစ်ပေါ်ကာ စားရေရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့်အရေးပေါ်သုံးပစ္စည်းများ မရောက်ရှိတော့ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်ပြီး ကုန်ချောများလည်း ဈေးကွက်သို့မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းလာသည့်အပြင် အကြမ်းဖက်သမားများ၏ အနိုင်ကျင့်နှိပ်စက်မှုများကိုလည်း ခါးသီးစွာခံစားရလျက်ရှိသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူလုထုအတွက် အဓိကအရေးပါသော အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကိုလည်း ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်စည်စီးဆင်း ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ဆက်လက်၍ အင်းတော် - ဝန်းသို - ကောလင်းလမ်းကြောင်းနှင့် အင်းတော် - မအူကုန်း - ကျောက်တန်းလမ်းကြောင်းပေါ်တွင်အခြေပြု၍ ခံစစ်စခန်းငယ်များဆောက်လုပ်ကာ ခရီးသွားပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်နေသော အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုစခန်းများအား ရှင်းလင်းနိုင်ရေး တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့တွင် စနစ်တကျစုဖွဲ့ကာ စစ်ကြောင်းများခွဲပြီး ဟန်ချက်ညီညီချီတက်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကိုအဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၅ ရက်နေ့တွင် လယ်နောင်ကျေးရွာနှင့် ကမ်းနီကျေးရွာတို့အားလည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပင့်သချေကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနှင့် နန့်သဲကျေးရွာတို့အားလည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျောက်တောကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်း (၁) ခုနှင့် ကြိမ်ချောင်း ကျေးရွာတို့အားလည်းကောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပိန်းအင်းကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဆင်ကုန်းကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ညောင်ကိုင်းကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့အားလည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် နမ်းခမ်းကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မအူကုန်းကျေးရွာတို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းပေါ်ရှိ ကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှုစုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ်အတွင်း ကျေးရွာများအတွင်း ဆက်သွယ်ရေးမြောင်းများတူးကာ ပြည်သူလူထု နေအိမ်များနှင့် ခြံစည်းရိုးများတွင် ဘန်ကာများပြုလုပ်ကာ အခိုင်အမာ ခံစစ်ဆင်၍ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆက်သွယ်ရေးလမ်းကြောင်းများကိုပိတ်ဆို့၍ အဆိုပါလမ်းကြောင်းပေါ်၌ သွားလာလျက်ရှိသော ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်းများကို လုပ်ဆောင်ခဲ့ကြရာ ဒေသတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ကုန်ဈေးနှုန်းများကြီးမြင့်ကာ ပြည်သူလူထုအနေဖြင့်လည်း လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ပါးခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို ပြည်သူလူထုနှင့်လက်တွဲ၍ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)





No comments:
Post a Comment