Thursday, October 1, 2026

အာရှအားကစားပြိုင်ပွဲတွင် Esports မြန်မာ့လက်ရွေးစင်အသင်း ရွှေတံဆိပ်ဆုနှင့် လက်တစ်ကမ်းသို့ ရောက်ရှိ

 


ရန်ကုန် စက်တင်ဘာ ၃၀

ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan) တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် Esports အားကစားကဏ္ဍ၌ မြန်မာ့လက်ရွေးစင် National Team Zanaka အသင်းသည် Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိရန် လက်တစ်ကမ်းသို့ ရောက်ရှိနေကြောင်း ဝမ်းမြောက်ဂုဏ်ယူဖွယ် သိရသည်။

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၌ Mobile Legends: Bang Bang(MLBB) ပြိုင်ပွဲတွင် အာရှထိပ်သီး အသင်းရှစ်သင်းဖြစ်သည့် မြန်မာ-ကမ္ဘောဒီးယား၊ မလေးရှား-ဂျော်ဒန်၊ ဖိလစ်ပိုင်-အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယား-ဟောင်ကောင်တို့ ယှဉ်ပြိုင်ကြရာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယားအသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့သည်။

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ (ဂျပန်နိုင်ငံ စံတော်ချိန် ညနေ ၅ နာရီခွဲ) တွင် မြန်မာ့လက်ရွေးစင် Team Zanaka အသင်းသည် ဆီမီးဖိုင်နယ်၌ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရလဒ် ၂ - ၁ ဖြင့် အောင်မြင်ခဲ့ပြီး ငွေတံဆိပ်ဆုရရှိခဲ့ကာ Grand Final အဆင့်သို့ တက်လှမ်းခဲ့သည်။ တစ်ဖက်တွင်လည်း အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယားအသင်းတို့က ညပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်သောအသင်းသည် အောက်တိုဘာ ၁ ရက်တွင် အာရှချိန်ပီယံ ရွှေတံဆိပ်ဆုအတွက် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် Team Zanaka အသင်းသည် PUBG Mobile (PUBGM) ပြိုင်ပွဲတွင် အဆင့် ၁၂ ၊ Honor of Kings (HOK) ပြိုင်ပွဲ၌ အဆင့် ၈ နှင့် ကျေနပ်ခဲ့ရပြီး eFootball Mobile နှင့် eFootball Console ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကာ Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် လက်တစ်ကမ်းသို့ ရောက်ရှိနေကြောင်း သိရသည်။

သစ္စာ (MNA) ဓာတ်ပုံ-MESF

No comments:

Post a Comment