ရန်ကုန် စက်တင်ဘာ ၃၀
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်တို့နှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းနှင့်
ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ၁၂ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
အားကစားသမားက အပြန်အလှန် ခုခံကာကွယ်ရင်း နောက်တန်းအားကစားသမား၏ မတော်တဆမှားယွင်းမှုကြောင့်
မိမိဂိုးအတွင်း ဝင်သွားသဖြင့် တစ်ဖက်အသင်းအား ဂိုးပေးလိုက်ရပြီး ကရင်ပြည်နယ်အသင်းမှ
ပထမဂိုးကိုလည်းကောင်း၊ ၃၁ မိနစ်တွင် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ် (၇) နော်ကော်ကပြူးစေးက
ဒုတိယဂိုးကိုလည်းကောင်း၊ ၃၈ မိနစ်တွင် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ် (၁၈) နန်းမိုးပွင့်အေးချိုက
တတိယဂိုးကိုလည်းကောင်း သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးချိန်အထိ နှစ်သင်းစလုံး
ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် ကရင်ပြည်နယ်အသင်းက
သုံးဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင်
ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံးဂိုးသမားဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ
ကျောနံပါတ် (၁၈) နန်းယမင်းအေးကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ
ကျောနံပါတ် ( ၁၂ ) ဆွေစင်ဖြိုးကို ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးတင်မောင်လှိုင်ကလည်းကောင်း၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ
ကျောနံပါတ် (၁၅) နန်းမိုးပွင့်အေးချိုကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး
ဦးမျိုးမြင့်အောင်ကလည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
ကျောနံပါတ် (၁၇) အေးချမ်းသူကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးကလည်းကောင်း၊
ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်
(၇) နော်ကော်ကပြူးစေးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးကလည်းကောင်း
တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ် Trophy များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ စတုတ္ထဆုရရှိသည့်
ရှမ်းပြည်နယ်အသင်းအား ငွေသားဆုကျပ်သိန်း ၂၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးဇော်ဇော်ကလည်းကောင်း၊ တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်
ငွေသားဆုကျပ်သိန်း ၃၀ ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းကလည်းကောင်း၊
ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကျပ်သိန်း
၅၀ ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး
အားကစားနှင့် ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ကရင်ပြည်နယ်အသင်းကို
တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမဆုရရှိသည့်
ကရင်ပြည်နယ်အသင်းကို ငွေသားဆု ကျပ်သိန်း ၁၀၀ နှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားတို့ကို
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment