Thursday, October 1, 2026

တီမောကို သရေကစားပြီး ကမ္ဘောဒီးယားအသင်း FIFA Asean Cup 2026 ဗိုလ်လုပွဲတက်ရောက်

 


ရန်ကုန် စက်တင်ဘာ ၃၀

FIFA Asean Cup 2026 ပြိုင်ပွဲ Division 2 အုပ်စု (B) ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် တီမောလက်စ်တေအသင်းတို့ ယနေ့ညနေပိုင်းက ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုးများဖြင့် တစ်ဖက်နှစ်ဂိုးစီရရှိကာ သရေကျခဲ့သည်။

ယခုပွဲစဉ်အပြီး ကမ္ဘောဒီးယားအသင်းသည် အုပ်စုအဆင့်တွင် နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေ စုစုပေါင်း ရမှတ် ၄ မှတ်ရရှိကာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ယနေ့ပွဲစဉ်တွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပြီး ပွဲချိန် ၁၇ မိနစ်တွင် တီမောလက်စ်တေအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုအိုပက်ဒရိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၂၈ မိနစ်တွင် ကမ္ဘောဒီးယားအသင်းမှ အန်ဒရက်စ်နီယက်တိုက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သလို ပွဲချိန် ၃၈ မိနစ်တွင် အန်ဒရက်စ်နီယက်တိုကပင် ဒုတိယမြောက်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ထို့နောက် တီမောအသင်း ချေပဂိုးရရှိရေး ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ကော်စီနိုလီမို့စ်က ဒုတိယဂိုးထပ်မံသွင်းယူခဲ့သဖြင့် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို အနိုင်ရရှိထားသော်လည်း ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် နောက်တစ်ဆင့်တက်ရန် တီမောလက်စ်တေအသင်း၏ အနိုင်ရလဒ်ကို အဓိကမျှော်လင့်ခဲ့ရသည်။

သို့သော် ယခုကဲ့သို့ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျသွားခြင်းက မြန်မာအသင်းအတွက် နောက်တစ်ဆင့် တက်ရောက်နိုင်မည့် အခွင့်အရေးများကို ဆုံးရှုံးသွားစေခဲ့သည်။

နေမျိုး ဓာတ်ပုံ-AFF

No comments:

Post a Comment