Monday, October 5, 2026

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိ

 နေပြည်တော် အောက်တိုဘာ ၄

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ကောင်စစ်ဆိုင်ရာ ကူညီဆောင်ရွက်မှုများကို အစဉ်တစိုက်အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁၀၈၆ဦး ကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် AirAsia လေယာဉ်များဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၉၀၅ ဦးကိုလည်းကောင်း၊ အိန္ဒိယ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၂၆ ဦးအား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သည်။

ယခုအခါ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားသူများကို မြန်မာနိုင်ငံသား မှန်ကန်မှု ရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိစစ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ် လကုန်အထိ မြန်မာနိုင်ငံသားမှန်ကန်သူ ၈၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ်ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် လေယာဉ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးအား မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ယနေ့တွင်မြန်မာနိုင်ငံသို့ ချောမောစွာရောက်ရှိခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စသည့်စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာ နိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေး ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ရှောင်ကြဉ်ကြရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြရန် သတိပေး နှိုးဆော်ထားသည်။

နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နောင်တွင်လည်း ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment