Monday, October 5, 2026

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားတပ်မတော်မှစစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ အမိမြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာကြိုဆို

 


နေပြည်တော် အောက်တိုဘာ ၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက အမိနိုင်ငံသားများအပေါ်အလေးအနက် တန်ဖိုးထား ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ထို့ပြင်ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံး များမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကိုသက်ဆိုင်ရာ နိုင်ငံများနှင့် ချိတ်ဆက်၍ အစဉ်တစိုက် အလေးထားဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်တပ်မတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ် ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ် များ ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို တပ်မတော် (ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်) တို့ဖြင့် စက်တင်ဘာလ ၂၄ ရက် တွင် ရန်ကုန်မြို့မှ ထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့သည်။ အဆိုပါ စစ်ရေယာဉ်များသည် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက် နံနက် ပိုင်းတွင် ရောက်ရှိခဲ့ပြီး ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံတာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင်ပြန်လည် ခေါ်ဆောင်လာခဲ့ရာ ရန်ကုန်မြို့ အမှတ်(၃)ဆိပ်ခံတံတား (သီလဝါ)သို့ ယနေ့နံနက် ၇ နာရီ ၃၅ မိနစ် ခန့်တွင် ဆိုက်ကပ်ရောက်ရှိခဲ့ပြီး အမိမြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့သည်။

ထိုသို့ သွားရောက်ခေါ်ဆောင်ခဲ့စဉ်အတွင်း စစ်ရေယာဉ်မှ တာဝန်ရှိသူများက အမိမြေမှပြည်ပ နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆိုလက်ခံကြပြီး စစ်ရေယာဉ် များပေါ်တွင် စနစ်တကျနေရာ ချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့စဉ် စားသောက်ဖွယ်ရာများ ချက်ပြုတ် ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေ စေရန် ကြိုက်နှစ်သက်ရာ Game များ ကစားကြခြင်းနှင့် ရုပ်ရှင်ဗီဒီယို ဇာတ်ကားများပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး စုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်း၊ လိုအပ်သည့်အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ်များ အမိမြန်မာပြည် မြန်မာ့ ရေပိုင်နက်သို့ စတင်ချင်းနင်းဝင်ရောက်ချိန်၌ မိခင်နိုင်ငံရေမြေနှင့် ကာလအတန်ကြာဝေးကွာနေ ခဲ့ရသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ မောင်ရင်းနှမ၊ မိရင်းဖသဖွယ် လှိုက်လှဲစွာကြိုဆိုကြောင်း သတင်းစကားပါးမှုအပေါ် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး၍ ပျော်ရွှင်မှု စိတ်ခံစားချက်များကို တွေ့မြင်ရပြီး ပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော် အကြီးအကဲ၏ ကြီးမားသော မေတ္တာတရားနှင့် စေတနာပြည့်ဝစွာဖြင့် အဘက်ဘက်က ကူညီ ဆောင်ရွက်ပေးခဲ့သော တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့ အမှတ်(၃) ဆိပ်ခံ တံတား(သီလဝါ) ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များက ဝမ်းမြောက် ဝမ်းသာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး နေ့လယ်စာကြက်ဆီထမင်း၊ မုန့်နှင့် စားသောက် ဖွယ်ရာများကို ကျွေးမွေးကာ ဒေသများအလိုက် အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်များ ပေါ်သို့ တင်ဆောင်၍ ခေတ္တနားခိုရန် အသင့်စီစဉ်ထား‌သော စုရပ်နေရာများသို့ ပို့ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံရေးဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များထံသို့ စနစ်တကျလွှဲပြောင်းပေးကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာဝန်ရှိသူများက တိုင်း‌ဒေသကြီး/ ပြည်နယ်များအလိုက် UID Card များ ဆောင်ရွက်ပေးလျက်ရှိသည်။ နေရပ်ဝေးကွာသူများအား ၎င်းတို့ ၏ မိဘဆွေမျိုးများ၊ မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံ နိုင်ရေးနှင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်၍ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲဒုက္ခ များ ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၉၀၅ ဦးအား ၂၀၂၆ ခုနှစ်အတွင်း ဇန်နဝါရီလမှ  စက်တင်ဘာလအထိ တပ်မတော် လေယာဉ်၊ စင်းလုံးငှားလေယာဉ်များဖြင့်လည်းကောင်း၊ အိန္ဒိယ နိုင်ငံရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်း ခံထားရသည့် မြန်မာရေလုပ်သား (၂၆)ဦးအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် မြန်မာ့လေကြောင်း လိုင်း(MAI)ဖြင့် လည်းကောင်း၊ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများကြောင့် ပြစ်ဒဏ်များ ကျခံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၀၈၆)ဦး အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တပ်မတော်ရေယာဉ်များဖြင့် လည်းကောင်း၊ မြန်မာ နိုင်ငံသား(၈၀၄၁)ဦးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ လေယာဉ်များဖြင့်လည်း ကောင်း အသီးသီးခေါ်ဆောင် ပေးခဲ့သည့်အပြင် ယခုအခါမလေးရှားနိုင်ငံမှ ခေါ်ဆောင်ရန် ကျန်ရှိနေသေးသော မြန်မာနိုင်ငံသား (၁၄၇၆) ဦးကို လည်း လူသားချင်းစာနာ ထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရအဖွဲ့များ ညှိနှိုင်းကာ ယခုကဲ့သို့ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၏ အမိအဖပမာ ကြီးမားသောမေတ္တာ တရား၊ တပ်မတော်၏ မွန်မြတ် ခိုင်ကျည်သော လုံ့လအားထုတ်မှု၊ တာဝန်ရှိဌာနဆိုင်ရာ အဖွဲ့အစည်း များ၏ ပြည့်ဝသောစေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ အမိမြန်မာ နိုင်ငံနှင့် ဝေးကွာပြီး ဘေးဒုက္ခများ ခံစားနေရသော ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် အိမ်အပြန်ခရီးကို အောင်မြင်စွာ ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီးမိသားစု များနှင့် အမြန်ဆုံးပြန်လည် ပေါင်းစည်းနိုင်တော့မည်ဖြစ်၍ ပြန်လည် ရောက်ရှိလာသူများအနေဖြင့် ကြည်နူးမှု ပီတိမျက်ရည်များဖြင့် စိတ်အေးချမ်းသာရွှင်လန်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် နိုင်ငံသားများအားလုံး ဘေးကင်းလုံခြုံစွာဖြင့် လုပ်ကိုင် နေထိုင်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားများအနေဖြင့် လည်း နိုင်ငံတော်အစိုးရ၏ စေတနာအမှန်ကို သိရှိနားလည်ကာ ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် မိမိတို့တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားကို ယခုထက်ပိုမိုမြှင့်တင်နိုင်ပြီး ဂုဏ်သိက္ခာရှိ၍ လုံခြုံစိတ်ချ ရသည့်လူနေမှုဘဝများရရှိကြ မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေး ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ နယ်စပ် ဒေသများမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာခြင်းများကို မပြုလုပ်ကြရန်၊ ပတ်ဝန်းကျင် စည်းရုံးမှုများကို အယုံကြည်လွယ်၍ လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြရန်လိုအပ် မည်ဖြစ်ပြီး ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတွေ့ကြုံ လာပါက မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းနှင့် အမိနိုင်ငံသို့ အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများမှ အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

၁၀၀

No comments:

Post a Comment