Thursday, October 15, 2026

နယူးဒေလီမြို့၌ ပထမအကြိမ် ဘင်းမ်စတက်ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးနှင့် ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၁၄

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက်ပြည်ထဲရေးဝန်ကြီးများအစည်းအဝေးနှင့် ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ခရီးစဉ်အတွင်း အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုများ၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် အခြားနိုင်ငံ ဖြတ်ကျော်မှုခင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံးနှင့်အတူ ပွင့်လင်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်တို့ဖြင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း အွန်လိုင်းလိမ်လည်မှုများ၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးနိုင်ခဲ့ပြီး အပြုသဘောဆောင်သည့်ရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment