Thursday, October 15, 2026

ဘယ်လာရုစ်နိုင်ငံမှ ပေးအပ်မည့် ပို့ကုန်ချေးငွေဖြင့် ဝယ်ယူမည့် ပစ္စည်းနှင့်ဝန်ဆောင်မှုများသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး အများပြည်သူအတွက် အကျိုးရှိထိရောက်မှုရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်အတူ စိစစ်ရွေးချယ်အကောင်အထည်ဖော်မည်

 

နေပြည်တော် အောက်တိုဘာ ၁၄

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၃၃ ဦး တက်ရောက်သဖြင့် ၉၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသော ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးမည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင်တို့ကို ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းထားမှုအပေါ် ကန့်ကွက်သူမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အား ဆက်လက်အတည်ဖြစ်စေရေး လွှတ်တော်၏ သဘောတူညီချက်ရယူရန်နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထိန်လင်းဦးက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂ဝ၂၆ ဆက်လက်အတည်ဖြစ်သည့် ရက်ပေါင်း ၉၀ ပြည့်မြောက်မည် ဖြစ်သော်လည်း အဆိုပါအမိန့်ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ၅၈ မြို့နယ်တွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အရေးပေါ်အခြေအနေကြေညာခြင်း အတည်ဖြစ်သည့်ကာလကို တိုးမြှင့်သတ်မှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ (ဃ)တွင် “နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကိုလိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊သို့ဖြစ်ပါ၍ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂ဝ၂၆ ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၉) ဒေါ်သိင်္ဂီဝင်းရွှေက သဘောတူစာချုပ်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်မှာ အခွန်ရှောင်တိမ်းမှုနှင့် အခွန်ဆိုင်ရာမသမာမှုများကို ကာကွယ်တားဆီးရေး ဖြစ်ပါကြောင်း၊ အခွန်စနစ်တွင် တရားမျှတမှုရှိရန် လိုအပ်သလို အခွန်ထမ်းသူ၏ တရားဝင်အခွင့်အရေးကို ကာကွယ်ပေးရမည်ဖြစ်ပြီး အခွန်ဥပဒေကို မသမာစွာ အလွဲသုံးစားပြုခြင်းကိုလည်း ထိရောက်စွာ ကာကွယ်တားဆီးရမည်ဖြစ်ပါကြောင်း၊ ဤသဘောတူ စာချုပ်သည် အခွန်သက်သာခွင့်ပေးသည့် စာချုပ် တစ်ခုသာမက အခွန်ကောက်ခံခွင့်ကို မျှတစွာ ခွဲဝေ သတ်မှတ်ပေးသည့် စာချုပ်လည်းဖြစ်သောကြောင့် နှစ်နိုင်ငံလုံးအတွက် စီးပွားရေးယုံကြည်မှု တိုးတက်ခြင်း၊ လုပ်ငန်းကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့်တရားမျှတမှု တိုးတက်ခြင်း၊ ဒေသတွင်း စီးပွားရေးဆက်ဆံမှုတိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများကို မျှော်မှန်းနိုင်ပါကြောင်း၊ နိုင်ငံတကာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံရေးကို ပိုမိုတိုးတက်စေနိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကောင်းစွာဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့်က မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုကာကွယ် တားဆီးရေးသဘော တူစာချုပ် (Double Taxation Agreement – DTA) ချုပ်ဆိုခြင်းသည် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးအတွက် နိုင်ငံခြားကုမ္ပဏီများကို အခွန်လျှော့ပေးရန် သက်သက်မဟုတ်ဘဲ အခွန်သက်သာမှုနှင့် နိုင်ငံတော်အခွန်ဝင်ငွေ မလျော့ကျစေရေးနှစ်ခုကို ချိန်ညှိပြီးလုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာပါက နိုင်ငံခြားငွေရရှိမှုနှင့် စီးပွားရေးလုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် အထောက်အကူဖြစ်စေသော နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်အား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုးက အခွန်ဝင်ငွေဆိုသည်မှာ နိုင်ငံ၏အသက်သွေးကြောဖြစ်သော်လည်း အခွန်နှစ်ထပ်စနစ်ကြောင့် အလုပ်လုပ်သူများတွင် တစ်ဦးချင်းဝင်ငွေ သိသိသာသာ လျော့နည်းလာခြင်း၊ မိသားစုထောက်ပံ့နိုင်မှု ကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု အားလျော့လာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများဖြစ်လာစေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်လာစေကြောင်း၊ ထိုမျှမက အခွန်နှစ်ထပ်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအပေါ် ဆိုးကျိုးများ ပေါ်ပေါက်လာစေပါကြောင်း၊ ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးရခြင်း၊ ငွေလွှဲပြောင်းမှု ပမာဏနည်းသွားခြင်း၊ တရားမဝင် ငွေကြေးလည်ပတ်မှု ကြီးမားလာခြင်း၊ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကျဆင်းခြင်း၊ အခွန်စည်းကြပ်မှု ကုန်ကျစရိတ်တိုးလာခြင်းများကြောင့် နိုင်ငံ့စီးပွားသည် ရှေ့သို့မရောက်ဘဲ ရပ်တန့်သွားတတ်ပါကြောင်း။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် အခွန်နှစ်ထပ်စနစ်ကို ရှောင်ရှား၍ ဝင်ငွေခွန်ကို နှစ်ကြိမ်မပေးဆောင်စေရန် သဘောတူစာချုပ်လက်မှတ်ရေးထိုး ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အချိုးညီ အထောက်အကူပြုစေသည်ဟု ယူဆပါကြောင်းနှင့် အခွန်နှစ်ထပ်စနစ်ဖြင့် ဝင်ငွေခွန်နှစ်ကြိမ်၊ နှစ်နေရာမကျခံစေရေးအပေါ် လေးလေးနက်နက် ကြိုဆိုသလိုအခွန်တိမ်းရှောင်မှု မပြုရေးစာချုပ်ကိုလည်း ခြွင်းချက်မရှိ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

အလားတူမင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား ချုပ်ဆိုထားသည့် “ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်” သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးတက် လာစေရန်ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်မှုရှိသော စီးပွားရေးနှင့် အခွန်စနစ်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံဖြတ်ကျော်စီးပွားရေးလုပ်ငန်းများသည် အခွန်နှစ်ထပ်ကောက်ခံခြင်းကို ရှောင်ရှားနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးတက်လာစေခြင်း၊ အခွန်ဌာနများအကြား သတင်းအချက်အလက် ဖလှယ်မှုများတိုးတက်လာပြီး အခွန်တိမ်းရှောင်မှုများကို ပူးပေါင်းတားဆီးနိုင်သဖြင့် အခွန်လိုက်နာမှုမြင့်မားလာစေခြင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း။

လွှတ်တော်က အတည်ပြုပြီးပါက စာချုပ်အပိုဒ် ၃၀၊ အပိုဒ်ခွဲ (၁) အရ စာချုပ်ဝင်နိုင်ငံအချင်းချင်း သက်ဆိုင်ရာဥပဒေအရ လိုအပ်သည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ အသိပေးအကြောင်းကြားစာ (Instrument of Notification)ကို အပြန်အလှန် ပေးပို့ကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုပါစာချုပ်ကို မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာခြင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါသဘောတူစာချုပ် အကျိုးသက်ရောက်စေရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၈၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၉ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ပြန်လည်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ပြည်ထောင်စုလွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေးအတွက် အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀)ဦးသန်းအေး(ခ)ဦးတင်ဦးက အဆိုပါစာချွန်လွှာ ကို လက်မှတ်ရေးထိုးပြီး သံတမန်နည်းလမ်းဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ပါက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေလျှော့ပေးရေးဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးရှိ အထောက်အကူပြုစေနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံဝန်ဆောင်မှုဆိုင်ရာ သဘော တူညီချက် အကောင် အထည်ဖော်ရေးလုပ်ငန်းစဉ်များအရ နဝမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူစာချုပ်အသက်ဝင်ရေး အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးသင့်ကြောင်း ထောက်ခံဆွေးနွေးသည်။

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက သဝဏ်လွှာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိနိုင်ကြောင်း ဖော်ပြထားသော်လည်း မျှော်မှန်းထားသည့် အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝရရှိနိုင်ရန်၊ ကတိကဝတ်များ၊ ဖြေလျှော့မှုအတိုင်းအတာ၊ အကျိုးကျေးဇူးနှင့်အန္တရာယ်များကို သိရှိထားရန်လိုအပ်ပါကြောင်း၊ အကျိုးကျေးဇူးများကို သာသိပြီးကတိကဝတ်များ၏ အတိုင်းအတာကို မသိခြင်း၊ ဖြေလျှော့ပေးရမည့်အချက်များကို မသိဘဲ အတည်ပြုခြင်းသည် နိုင်ငံ၏ ရေရှည်ဘဏ္ဍာရေး အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် ဆုံးဖြတ်ချက်တစ်ခုအတွက် လုံလောက်သည့် အခြေခံမဟုတ်ပါကြောင်း၊ အကျိုးကျေးဇူးများရရှိနိုင်မည်ဟူသော မျှော်မှန်းချက်တစ်ခုတည်းဖြင့် မိမိတို့နိုင်ငံက မည်သည့်ကတိကဝတ်များကို လက်ခံထားသည်၊ မည်သည့် အတိုင်းအတာအထိ ဖြေလျှော့ပေးရမည်ဆိုသည်ကို မသိရှိဘဲအတည်ပြုဆုံးဖြတ်ရန် မသင့်လျော်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာနိုင်ငံအနေဖြင့် သဘောတူစာချုပ်နှင့် နောက်ဆက်တွဲများကို အသက်ဝင်စေရန် ပြည်တွင်း အတည်ပြုရေးလုပ်ငန်းစဉ်များကို စာချုပ်လက်မှတ် ရေးထိုးသည့်နေ့မှ ရက်ပေါင်း(၁၈၀)အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်က အတည်ပြုစာချွန်လွှာ လက်ခံရရှိကြောင်း အခြားအဖွဲ့ဝင်များထံ အကြောင်းကြားစာ ပေးပို့သည့်နေ့၏ နောက်တစ်ရက်မှစ၍ စာချုပ်အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်း။

အာဆီယံဝန်ဆောင်မှုဆိုင်ရာ မူဘောင်သဘောတူ စာချုပ်အရအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် ကန့်သတ်ချက်များကို ဖယ်ရှားရန် ဖြစ်ပါကြောင်း၊ နဝမအကျော့ အာဆီယံငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အာမခံလုပ်ငန်း ကဏ္ဍကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်လုပ်ငန်းနှင့် အခြားငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍခွဲများကိုလည်းကောင်း ဖြေလျှော့ ပေးမည်ဖြစ်ပါကြောင်း။

သဘောတူညီချက်ပါ ဖြေလျှော့မှုဇယား (SOC)ကို ပြည်တွင်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ပြင်ဆင် အကောင်အထည် ဖော်ခဲ့ရာတွင် ပြည်တွင်း၌ နိုင်ငံခြားရာနှုန်းပြည့် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံ ကုမ္ပဏီ ၃ ခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ ၃ ခု စုစုပေါင်း ၁၁ ခုကို လိုင်စင်ပေးအပ်နိုင်ခဲ့ပြီး နိုင်ငံခြား ဘဏ်ကိုယ်စားလှယ်ရုံး ၂၇ ခုကိုလည်း ဖွင့်လှစ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ငွေကြေး လွှဲပြောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေလာခြင်း၊ နိုင်ငံခြားဘဏ်ခွဲများက မတည်ရင်းနှီးငွေများ ယူဆောင်လာခြင်းဖြင့် နိုင်ငံခြားငွေစီးဝင်မှုကို အထောက်အကူပြုခြင်းနှင့် စီမံကိန်းဘဏ္ဍာငွေများရရှိနိုင်ခြင်း၊ ပြည်တွင်းဘဏ်များက အဆင့်မြင့်နည်းပညာ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းများကို လေ့လာသင်ယူခွင့်ရရှိကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ နှစ်နိုင်ငံသုံးငွေကြေးဖြင့် တိုက်ရိုက်ပေးချေမှုများ ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုတိုးတက်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ကာ အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးကို အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။

အာဆီယံဘဏ္ဍာရေးဝန်ကြီးများ လက်မှတ်ရေးထိုးထားပြီးဖြစ်သော အဆိုပါသဘောတူညီချက် အသက်ဝင်နိုင်ရေးအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုး၍ သံတမန်လမ်းကြောင်းဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အတည်ပြုစာချွန်လွှာ (Instrument of Ratification) ပေးပို့နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၉ ပုဒ်မခွဲ (က)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (က)တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ပြန်လည်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးခဲ့သည့် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ၊ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံခြားငွေဖြင့် ချေးငွေရယူရာတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ (Exchange Rate Risk) နှင့် အတိုးနှုန်း ပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေ (Interest Rate Risk)များကို ကြုံတွေ့နိုင်သဖြင့် Exchange Rate Risk အနည်းဆုံးဖြစ်စေရန်အတွက် ငွေကြေးအမျိုး အစားခိုင်မာမှု၊ သက်ဆိုင်ရာအခြေခံအတိုးနှုန်းနှင့် ပြန်ဆပ်ကာလတို့ကို စိစစ်အကဲဖြတ်သွားမည်ဖြစ်ပါကြောင်း၊ ချေးငွေသက်တမ်းမှာ အများဆုံး(၅)နှစ် ဖြစ်၍ ကာလတိုချေးငွေဖြစ်သဖြင့် ဈေးကွက်ပြောင်းလဲမှုကြောင့် သက်ရောက်မှု လျော့နည်းနိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံပိုင်ဘဏ်(၃)ဘဏ်(မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်)နှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Banking Arrangement) များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာနှင့် ၂၀၂၆ ခုနှစ် မေလတို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဘဏ်စာရင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ပို့ကုန်ချေးငွေကို နိုင်ငံခြားငွေကြေးအမျိုးအစား (၅) မျိုးဖြင့် ရယူနိုင်သဖြင့် Sanction အကျုံးမဝင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားနှင့် သင့်လျော်သော ငွေပေးချေမှုလမ်းကြောင်းကို ကြိုတင်စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ ပေးအပ်မည့် ပို့ကုန်ချေးငွေဖြင့်ဝယ်ယူမည့် ပစ္စည်းနှင့်ဝန်ဆောင်မှုများသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး အများပြည်သူအတွက် အကျိုးရှိထိရောက်မှုရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်အတူ စိစစ်ရွေးချယ်အကောင်အထည် ဖော်မည်ဖြစ်ပါကြောင်း။

ပို့ကုန်ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်များ (Basic Agreement)ကို လက်မှတ်ရေးထိုးပြီး ဖြစ်ရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၉ နှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ရှင်းလင်းပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်နှိပ်မဲခွဲရယူရာ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းမှာ သီးခြားစီမံကိန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်၍ ချေးယူခြင်းမျိုးမဟုတ်ဘဲ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ဖြစ်ပေါ်လာသည့် လိုငွေကို ဖြည့်ဆည်းရန်အတွက် ချေးယူခြင်းဖြစ်ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူရန် လျာထားငွေကျပ် ၂၁၀၀ ဘီလီယံမှာ အသားတင်ချေးယူငွေ ဖြစ်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူထားခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ကျပ် ၂၁၀ဝ ဘီလီယံသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန် လျာထားသည့်ပမာဏ ဖြစ်ပါကြောင်း၊ အဆိုပါပမာဏကို မဖြစ်မနေ အပြည့်အဝအသုံးပြုရမည်ဟုဆိုလိုခြင်း မဟုတ်ပါကြောင်းနှင့် လစဉ်အစိုးရငွေတိုက်လက်မှတ်/ အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ကြိုတင်ရောင်းချဖြည့်ဆည်းပြီးနောက် လကုန်ဆုံး၍ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းပိတ်ချိန်တွင် လိုငွေဖြစ်ပေါ်လာမှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၊ ပုဒ်မ ၅ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၁ တို့နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိရောက်သော အသုံးစရိတ်များဖြစ်စေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အစိုးရဌာန/အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း(၃၅/၂၀၁၇)နှင့်အညီ ရငွေများကို ပြည့်မီစေရေး စီမံကြီးကြပ်ကောက်ခံရန်လိုအပ်ပြီး အသုံးစရိတ်များ သုံးစွဲရာတွင် လိုက်နာရမည့် အခြေခံအချက်များ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ကျပ် ၂၁၀၀ ဘီလီယံလျာထားမှုအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အစိုးရငွေတိုက်လက်မှတ်များအပေါ် အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ဗဟိုဘဏ်က ဝယ်ယူသည့်နည်းလမ်းဖြင့် ဖြည့်ဆည်းသွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်မည့် အချိန်ဇယားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၉၃)ပါ ပြဋ္ဌာန်းချက်အတိုင်းဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ဗဟိုဘဏ်ချေးငွေကြောင့် ငွေကြေးဖောင်းပွမှု၊ တန်ဖိုးကျဆင်းမှုအပေါ် သတိပြုရန်နှင့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒကို ညှိနှိုင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ဗဟိုဘဏ်တွင် ငွေချေးယူမှုကို တစ်နှစ်ထက်တစ်နှစ် လျှော့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းမှုရာခိုင်နှုန်း ၇၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျလာခဲ့ပါကြောင်း။

ငွေကြေးဈေးကွက် (Money Market)နှင့် တစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးကွက် (Secondary Market) ဖွံ့ဖြိုးလာသည်နှင့်အမျှ ဗဟိုဘဏ်မှငွေချေး ရယူမှုကို ပိုမိုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုဖိအားများကို လျော့နည်းစေရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး (CRR) ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းစသည့် ငွေကြေးမူဝါဒများကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးမူဝါဒကော်မတီတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးပါဝင်ပြီး လစဉ်အစည်းအဝေးများပြုလုပ်ကာ မူဝါဒများကို ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ လိုငွေအနက် ခန့်မှန်းချက်အရ ငွေကျပ် ၂၁၀၀ ဘီလီယံအတွင်း လိုအပ်ပါက ဗဟိုဘဏ်မှ အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၉၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ သာမန်ရငွေအပိုင်းတွင် လျာထားချက်နီးပါး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သော်လည်း ငွေလုံးငွေရင်းရငွေနှင့် ကြွေးမြီရငွေအပိုင်းတွင် လျာထားချက်ကို ပြည့်မီ ရန် လိုအပ်ခဲ့ပါကြောင်း။

ငွေလုံးငွေရင်းရငွေအပိုင်းတွင် ပြည်ပအကူအညီရငွေဖြင့် လုပ်ငန်းစီမံကိန်း ဆောင်ရွက်နိုင်မှုမရှိခဲ့သည့်အတွက် ယင်းအသုံးစရိတ်များနှင့် ဆက်နွှယ်သည့် ပြည်ပအကူအညီရငွေများ လျော့နည်းခဲ့ခြင်းတို့ ကြောင့် လျာထားချက်ကိုပြည့်မီရန် လိုအပ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ကြွေးမြီရငွေအပိုင်းတွင် မြီရှင်နိုင်ငံများသို့ ချေးငွေအရင်းပေးဆပ်ရန် ငွေလွှဲပြောင်းနိုင်မှုမရှိသဖြင့် နိုင်ငံတော်မှစိုက်ထုတ်ပေးချေရမှု မရှိခဲ့သည့်အတွက် သက်ဆိုင်ရာဌာနမှ ပြန်လည်ပေးသွင်းမှုမရှိခဲ့ခြင်း၊ ကိုဗစ်-၁၉ Special Relief Loan နှင့် ကိုဗစ်-၁၉ Fund မှ ထုတ်ချေးငွေတို့အတွက် နိုင်ငံတော်သို့ အပြည့်အဝ ပြန်လည်ပေးဆပ်မှုမရှိခဲ့ခြင်းတို့ကြောင့် လျာထားချက်ကိုပြည့်မီရန် လိုအပ်ခဲ့ခြင်းဖြစ်ပါကြောင်း။

သာမန်အသုံးစရိတ်အပိုင်းတွင် ပြည်ပချေးငွေအပေါ် အတိုးပေးချေမှုလျော့နည်းခဲ့ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ နှစ်စဉ်ကြေးထည့်ဝင်မှု လျော့နည်းခဲ့ခြင်းတို့ကြောင့် လျာထားချက်ပြည့်မီရန် အနည်းငယ်သာ လိုအပ်ခဲ့ပါကြောင်း။

ငွေလုံးငွေရင်းအသုံးစရိတ်အပိုင်းတွင် နယ်မြေဒေသနှင့် ရာသီဥတုအခြေအနေများအရ အချို့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်း၊ ဓာတ်အားပေးစက်ရုံများအတွက် Spare Part ပစ္စည်းများ စာချုပ်ချုပ်ဆိုဝယ်ယူရာတွင် အချို့စက်ပစ္စည်းများ အချိန်မီပေးသွင်းနိုင်မှုမရှိခဲ့ခြင်း၊ တင်ဒါပိုလျှံငွေများဖြစ်ပေါ်ခဲ့ခြင်း၊ ပြည်ပချေးယူရငွေ ဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့နေခြင်းကြောင့် ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးယူရငွေတို့နှင့်ဆက်နွှယ်သည့် အသုံးစရိတ်များ လျော့နည်းခဲ့ခြင်းတို့ကြောင့် လျာထားချက်ကို ပြည့်မီရန် အနည်းငယ်လိုအပ်ခဲ့ပါကြောင်း။

ကြွေးမြီအသုံးစရိတ်အပိုင်းတွင် ပိုလန်နိုင်ငံချေးငွေအပေါ် အရင်းပေးဆပ်ရာတွင် Internal Policy ကြောင့် ငွေပေးချေနိုင်မှုမရှိခဲ့ခြင်း၊ မြီရှင်နိုင်ငံများသို့ ချေးငွေအရင်းပေးဆပ်ရန် ငွေလွှဲပြောင်းနိုင်မှုမရှိခဲ့ ခြင်းတို့ကြောင့် လျာထားချက်ကို ပြည့်မီရန် လိုအပ်ခဲ့ခြင်းဖြစ်ပါကြောင်း။

သို့ပါ၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ရရှိသုံးစွဲနိုင်မည့်ရငွေ နှင့် အသုံးစရိတ်တို့ကိုသာ လျာထားရေးဆွဲကြရန်နှင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ် ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအတွက်ကိုသာ ထည့်သွင်းလျာထား ရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်နိုင်ပါရန်နှင့် အတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၆)ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေက ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment