Wednesday, October 21, 2026

ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်သည် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ဆက်ဆံမှု၏ ခေတ်သစ်တေးသွားကို သီကျူးဖော်ဆောင်လျက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား

ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့်စီမံအုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များမှာ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုကြီးမားလာလျက်ရှိသည်။ စဉ်ဆက်မပြတ်‌ ပေါ်ပေါက်လာနေသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန်မှာ နိုင်ငံအသီးသီးမှ ပြည်သူများ၏ အရေးကြီးသော မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခဲ့သည်။ ဤနောက်ခံ အခြေအနေတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံတို့ကို အဆိုပြုခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့် အကြံဉာဏ်များကို ပံ့ပိုးပေးကာ လူသားတို့၏ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အားကောင်းသော တွန်းအားကို ဖြည့်ဆည်းပေးခဲ့သည်။

၁။ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးဆောင်ရွက်ခြင်းကိုကိုင်စွဲကာ အတူတကွ သာယာဝပြောရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်း

ဖွံ့ဖြိုးတိုးတက်ရေးသည် လူအဖွဲ့အစည်း၏ ထာဝရအကြောင်းအရာဖြစ်ပြီး ပြဿနာအားလုံးကို ဖြေရှင်းရန် အဓိကသော့ချက်လည်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံသည် ပြည်သူကိုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကိုဖော်ဆောင်ပြီး မည်သည့်နိုင်ငံ၊ မည်သည့်လူပုဂ္ဂိုလ်ကိုမျှ နောက်ကျမကျန်ခဲ့စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြိုးစားကာ (၂၀၃၀) ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်ကို အရှိန်မြှင့်အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးလျက်ရှိသည်။ ဤအစီအမံသည် “အနောက်နိုင်ငံကိုဗဟိုပြုသည့် အမြင်” နှင့် “မိမိနိုင်ငံကိုသာ ဦးစားပေးသည့် အမြင်” ဟူသော ကျဉ်းမြောင်းသည့် ရှုထောင့်များကို ကျော်လွန်ပြီး နိုင်ငံများအကြား အခွင့်အရေးတန်းတူညီမျှမှု၊ စည်းမျဉ်းစည်းကမ်း တန်းတူညီမျှမှုနှင့် အခွင့်အလမ်းတန်းတူညီမျှမှုတို့ကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီညီ၊ ညှိနှိုင်းမှုနှင့် အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်တစ်ရပ်သို့ ရောက်ရှိစေရန် အထောက်အကူပြုလျက်ရှိသည်။ ဤအစီအမံကို အဆိုပြုခဲ့သည့် (၅) နှစ်တာကာလအတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ကို စုစည်းနိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ပေါင်း ၂၀၀၀ ကျော်ကို အကောင်အထည်ဖော်ခဲ့ သည်။ ၎င်းတို့အနက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ရန်ပုံငွေမူဘောင်အောက်ရှိ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံပေါင်း ၇၀ ကျော်မှ ပြည်သူ သန်း ၄၀ ကျော်ကို အကျိုးပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ချီးကျူးထောက်ခံမှုကို ရရှိခဲ့သည်။ ထို့ပြင် အဆိုပါရန်ပုံငွေသည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လူနေမှုဘဝ တိုးတက်ရေးဆိုင်ရာကဏ္ဍများ၌ စီမံကိန်း (၅) ခုကို အကောင်အထည်ဖော်ရန်လည်း ပံ့ပိုးပေးခဲ့သည်။

ယခုနှစ် ဇွန်လတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ပို့ဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာရေးနှင့် မီဒီယာ စသည့် ကဏ္ဍများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာရွက်စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၏ လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် တည်ငြိမ်စွာတိုးတက်လာခဲ့ပြီး ပြည်သူ့လူနေမှုဘဝ ပူးပေါင်းဆောင်ရွက်မှုများလည်း ဆက်လက်တိုးချဲ့လာခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို တက်ကြွစွာပံ့ပိုးကူညီလျက်ရှိသည့်အပြင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပေါင်း ၁၄၀ ကို အကောင်အထည်ဖော်ရန် ပံ့ပိုးပေးခဲ့သည်။ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာပြည်သူများအနေဖြင့် လက်တွေ့သိမြင်ခံစားနိုင်သည့် အကျိုးရလဒ်များ ပိုမိုရရှိလာခဲ့သည်။

၂။ ဘုံလုံခြုံရေးကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကာအကွယ်ပေးခြင်း

ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးသော ကနဦးလိုအပ်ချက်များ ဖြစ်သကဲ့သို့ နိုင်ငံအသီးသီးမှ ပြည်သူများ၏ တူညီသော အခြေခံတောင်းဆိုချက်လည်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် ဘုံလုံခြုံရေး၊ ဘက်စုံလုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုံခြုံရေးနှင့် ရေရှည်တည်တံ့သောလုံခြုံရေးဟူသည့် လုံခြုံရေးအမြင်များကို အလေးထားဖော်ဆောင်ပြီး လုံခြုံရေးသည် ခွဲခြား၍မရသည့် အခြေခံမူကို စွဲကိုင်ထားသည်။ ထို့ပြင် ဟန်ချက်ညီမျှမှုရှိပြီး ထိရောက်ကာ ရေရှည်တည်တံ့သော လုံခြုံရေး မူဘောင်တစ်ရပ် တည်ဆောက်နိုင်ရေးကိုမြှင့်တင်လျက်ရှိသည်။ မည်သည့်နိုင်ငံမျှ ကမ္ဘာ့လုံခြုံရေးနှင့်ကင်းကွာပြီး မိမိနိုင်ငံ၏လုံခြုံရေးကို အကောင်အထည်ဖော်နိုင်မည်မဟုတ်သကဲ့သို့ အခြားနိုင်ငံများ၏ လုံခြုံမှုမရှိခြင်းအပေါ် အခြေခံထားသည့် အကြွင်းမဲ့လုံခြုံရေးလည်း မရှိနိုင်ကြောင်း အလေးပေးဖော်ပြထားသည်။ ဤအစီအမံသည် ပထဝီနိုင်ငံရေးကိုအခြေပြုသည့် လုံခြုံရေးသီအိုရီကိုပယ်ချကာ ယင်းထက်ကျော်လွန်ပြီး အနိုင်အရှုံး ပြိုင်ဆိုင်မှု၊ အုပ်စုအခြေပြုနိုင်ငံရေးနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုဟူသော အတွေးအခေါ်ဟောင်းမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန်နှင့် လူသားမျိုးနွယ်၏ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် အတွေးအမြင်သစ်များကို ပံ့ပိုးပေးလျက်ရှိသည်။ တရုတ်နိုင်ငံသည် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံဆိုင်ရာ အယူအဆစာတမ်း (The Global Security Initiative Concept Paper)” ကို ထုတ်ပြန်ခဲ့ပြီး အယူအဆမှ လက်တွေ့လုပ်ဆောင်မှုအထိ စနစ်တကျပြောင်းလဲ အကောင်အထည်ဖော်နိုင်မည့် လမ်းကြောင်းကို တည်ဆောက်ခဲ့သည်။ ထို့ပြင် ယူကရိန်း အကျပ်အတည်း၊ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခအပါအဝင် လက်ရှိအာရုံစိုက်မှုခံနေရသည့် ပဋိပက္ခပြဿနာ များစွာတွင် ဘက်မလိုက်ဘဲ တရားမျှတသော ရပ်တည်ချက်ကိုကိုင်စွဲကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ဤအစီအမံကို အဆိုပြုခဲ့သည့် (၄) နှစ်တာကာလ အတွင်း နိုင်ငံပေါင်း ၁၃၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ချီးကျူးထောက်ခံခဲ့ကြပြီး ၎င်း၏ အဓိကအယူအဆများကို နှစ်နိုင်ငံနှင့် နိုင်ငံစုံဆိုင်ရာ စာရွက်စာတမ်းပေါင်း ၁၆၀ ကျော်တွင် ထည့်သွင်းရေးသားခဲ့ကြပြီး လုံခြုံရေးလမ်းကြောင်းသစ်၏ အတွေးအခေါ်ဆိုင်ရာ ဆွဲဆောင်နိုင်စွမ်းနှင့် လက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာ ကြံ့ခိုင်မှုတို့ကို အပြည့်အဝဖော်ပြနေသည်။

မကြာသေးမီနှစ်များအတွင်း တရုတ် - မြန်မာ နှစ်နိုင်ငံသည် နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံစုံအဆင့် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ကြပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းခဲ့ကြသည်။ ယခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။ စက်တင်ဘာလတွင် နိုင်ငံတကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ကို တရုတ်နိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို လက်တွေ့အကောင်အထည်ဖော်ပြီး တရုတ် - မြန်မာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေခြင်းသည် နှစ်နိုင်ငံအတွင်း နေထိုင် လျက်ရှိသော တစ်ဖက်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့မှရရှိသည့် အကျိုးကျေးဇူးများကို အတူတကွခံစားနိုင်ရန် ခိုင်မာသော အာမခံချက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

၃။ ယဉ်ကျေးမှုဖလှယ်ရေးကိုမြှင့်တင်ပြီး ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုအတွက် ပေါင်းကူး တံတားဆောက်လုပ်ခြင်း

ယဉ်ကျေးမှုသည် ဆက်ဆံဖလှယ်မှုကြောင့် အရောင်အသွေးစုံလင်ပြီး အပြန်အလှန် သင်ယူ လေ့လာမှုကြောင့် ကြွယ်ဝပြည့်စုံလာပါသည်။ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အစီအမံသည် ကမ္ဘာ့ ယဉ်ကျေးမှု၏ ကွဲပြားခြားနားသော ဝိသေသလက္ခဏာများကို နက်ရှိုင်းစွာပေါ်လွင်စေပြီး တန်းတူညီမျှမှု၊ အပြန်အလှန်သင်ယူမှု၊ ဆွေးနွေးမှုနှင့် အားလုံးပါဝင်မှုဟူသော ယဉ်ကျေးမှုအယူအဆကိုကိုင်စွဲကာ လူသားအားလုံး၏ ဘုံတန်ဖိုးများကိုမြှင့်တင်ရန် အဆိုပြုထားပါသည်။ ဤအစီအမံသည် မိမိ၏အမြင်ရှုထောင့်များနှင့် ပုံစံများကို အခြားသူ များအား အတင်းအဓမ္မလက်ခံစေခြင်းကို ဆန့်ကျင်ပါသည်၊ သဘောတရားရေးရာ ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ပါသည်၊ မတူညီသော ယဉ်ကျေးမှုများအကြား အမြင်သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်နှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို တိုးချဲ့ရန်အတွက် အကောင်အထည်ဖော်နိုင်သောလမ်းကြောင်းများကို ပံ့ပိုးပေးထားပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံမှ “International Day for Dialogue among Civilizations” ကို တရားဝင်သတ်မှတ်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဆွေးနွေးပွဲ ဝန်ကြီးအဆင့်အစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး နိုင်ငံပေါင်းရာကျော်နှင့် ယဉ်ကျေးမှု၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွားလာရေး စသည့်နယ်ပယ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကာ “ယဉ်ကျေးမှု ပိုးလမ်းမ” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်း တတ်သိပညာရှင်များ (Think Tank) ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပါသည်။ အစီအမံကြီး အဆိုပြုခဲ့သည့် (၃) နှစ်တာ ကာလအတွင်း ကမ္ဘာအနှံ့တွင် ကြီးမားသောထောက်ခံတုံ့ပြန်မှုများကိုရရှိခဲ့ပြီး ၎င်း၏ ခေတ်ကာလဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် လက်တွေ့ကျသော တန်ဖိုးများသည် စဉ်ဆက်မပြတ် ထင်ရှားပေါ်လွင်လျက်ရှိပါသည်။

ယခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ရုပ်ရှင်သီတင်းပတ်လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ပြီး “Dear You” နှင့် “Once Upon a Time in the Middle East” စသည့် တရုတ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလက်ရာများသည် မြန်မာနိုင်ငံတွင် ရေပန်းစားခဲ့ကာ တရုတ် - မြန်မာလူငယ်များဆွေးနွေးပွဲ၊ မီဒီယာဖလှယ်ပွဲ၊ ယဉ်ကျေးမှုထိတွေ့ ခံစားခြင်း၊ အားကစားပြိုင်ပွဲစသည့် စုံလင်လှသော လူမှုယဉ်ကျေးမှုလှုပ်ရှားမှုများသည် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးမှုကို တဖြည်းဖြည်းတိုးပွားစေခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံကို လက်တွေ့ကျင့်သုံးပြီး တရုတ် - မြန်မာ လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို နက်ရှိုင်းစေခြင်းသည် နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးစွာ နားလည်မှုကိုတိုးပွားစေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

၄။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင်မွမ်းမံပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘုံသဘောတူညီချက်များကို စုစည်းခြင်း

ကမ္ဘာလုံးဆိုင်ရာပြဿနာများကို မည်သို့ရင်ဆိုင်ဖြေရှင်းမည်၊ နိုင်ငံတကာစည်းမျဉ်း၊ စည်းကမ်းကို မည်သို့ထိန်းသိမ်းမည်ဆိုသည်မှာ သမိုင်းဝင်အတွေ့အကြုံနှင့် သင်ခန်းစာများအပေါ် လူသားတို့၏ နက်ရှိုင်းသော ပြန်လည်သုံးသပ်ချက်များနှင့် သာယာဝပြောသော အနာဂတ်မျှော်မှန်းချက် အတွက် မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ကုလသမဂ္ဂဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်များနှင့် မူဝါဒများကို ထိန်းသိမ်းကာကွယ်ရန်၊ ညှိနှိုင်းခြင်း၊ ပူးတွဲတည်ဆောက်ခြင်း၊ မျှဝေခံစားခြင်း စသည့်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို လိုက်နာရန် အခြေခံအဖြစ်ထားရှိပြီး အချုပ်အခြာအာဏာ တန်းတူညီမျှရေး၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) ကျင့်သုံးရေး၊ ပြည်သူအားဗဟိုပြုရေးနှင့် လုပ်ဆောင်ချက်ကို ဦးတည်ရေးတို့ကို အလေးထားပါသည်။ ဤအစီအမံသည် ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) နှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ကျင့်သုံးမှုအပေါ် ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကို မြှင့်တင်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ဩဇာအာဏာနှင့် အချက်အချာကျမှုကို ခိုင်ခိုင်မာမာ ကာကွယ် စောင့်ရှောက်ခဲ့ပြီး BRICS နိုင်ငံများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုးချဲ့ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်မှာ စဉ်ဆက်မပြတ် မြင့်မားလာခဲ့ပါသည်။ The Asian Infrastructure Investment Bank (AIIB)၊ The New Development Bank (NDB) စသည့် ဘက်ပေါင်းစုံပါဝင်သော ဘဏ္ဍာရေးအဖွဲ့အစည်းသစ်များကို တည်ထောင်ခဲ့ပြီး “Regional Comprehensive Economic Partnership (RCEP)” ကို အရည်အသွေး မြင့်စွာ အကောင်အထည်ဖော်ကာ ပွင့်လင်း၍ တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို တွန်းအားပေးခဲ့ပါသည်။ နိုင်ငံတကာညှိနှိုင်းရေးရုံး (International Organization for Mediation-IOMed) ကိုတည်ထောင်ခဲ့ပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအငြင်းပွားမှုကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများကို ငြိမ်းချမ်းထိရောက်စွာ ဖြေရှင်းနိုင်ရန် လမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ကမ္ဘာ့ဒေတာ အဖွဲ့အစည်း၊ ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ကို ဆက်တိုက်တည်ထောင်ခဲ့ပြီး ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုအတွက် စင်မြင့်ပလက်ဖောင်းသစ်ကို တည်ဆောက်ခဲ့ပါသည်။ အစီအမံကြီး အဆိုပြုခဲ့သည့် (၁) နှစ်တာကာလအတွင်း နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၆၀ နီးပါး၏ ထောက်ခံမှုကိုရရှိခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်သည် “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏မိတ်ဖက် အဖွဲ့အစည်း” သို့ တက်ကြွစွာပါဝင်ခဲ့ကြရာ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောထားများမှာ အဆင့်ဆင့်ဘုံသဘောတူညီချက်များ ဖြစ်လာခဲ့ပြီး ညီညွတ်သော လုပ်ဆောင်ချက်များသို့ အသွင်ကူးပြောင်းနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသည်လည်း “ကမ္ဘာလုံးဆိုင်ရာ စီမံ ခန့်ခွဲမှု၏ မိတ်ဖက်အဖွဲ့အစည်း”၊ IOMed နှင့် ကမ္ဘာ့ ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့စသည့် ယန္တရားများသို့ တက်ကြွစွာပါဝင်ခဲ့ပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ ကျင့်သုံးလျက်ရှိပါသည်။ ယခုနှစ် ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ Hebei ပြည်နယ် The Xiong’an New Area ၌ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များအတွက် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် မွမ်းမံရေး အစီအစဉ်များကို အတူတကွဆွေးနွေးရန် အရေးကြီးသော အခွင့်အလမ်းကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။

လက်တွေ့ကျသော သက်သေပြချက်များအရ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်သည် သမိုင်းဝင် ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ မျှော်မှန်းချက်မှသည် လုပ်ဆောင်ချက်အထိ၊ အစီအမံမှသည် လက်တွေ့ဘဝအထိ ကျယ်ပြန့်ပြီး နက်ရှိုင်းသောသက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ သမိုင်းဝင်အစပျိုး မှုမှတ်တိုင်သစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်မှုအား အခွင့်အလမ်းအဖြစ် မှတ်ယူ၍ ဘက်ပေါင်းစုံနှင့် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ဘုံအယူအဆများကို ထိတွေ့ရရှိနိုင်သော စစ်မှန်သည့်အသီးအပွင့်များအဖြစ် အသွင်ပြောင်းလဲ၍ နှစ်နိုင်ငံပြည်သူတို့၏ သုခချမ်းသာကို ပိုမိုတိုးတက်စေမည် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်း၊ လုံခြုံရေးတွင် အပြန်အလှန်ပူးပေါင်းမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအရ အပြန်အလှန် သင်ယူလေ့လာခြင်းရှိကြသည့် တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားမည်ဖြစ်ပါသည်။

ဆောင်းပါးတွင် ဖော်ပြထားသည်များမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။

No comments:

Post a Comment