နိုင်ငံတော်အစိုးရသည် ပြည်တွင်း၌ ဒုက္ခဆင်းရဲကြုံတွေ့နေရသော နိုင်ငံသားများသာမက ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကိုပါ မည်သို့သော အခြေအနေရှိသည်ဖြစ်စေ ဒုက္ခအခက်အခဲများ ကြုံတွေ့လာပါက လူသားအချင်းချင်း စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ အမိနိုင်ငံသားများအပေါ် သားသမီးကဲ့သို့ ရင်ဝယ်ထားပြီး အလေးအနက်တန်ဖိုးထား၍လည်းကောင်း ကူညီကယ်တင်စောင့်ရှောက်မှုများ ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့နေရပါသည်။
ပြည်တွင်း၌ အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခဆင်းရဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ဖေးမကူညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခအခက်အခဲကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးအတွက် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ
ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့သည်။ အဆိုပါစစ်ရေယာဉ်များသည် မလေးရှားနိုင်ငံဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသားများအား စနစ်တကျ လွှဲပြောင်းလက်ခံပြီးနောက် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၄ ရက်နေ့တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
သွားရောက်ခေါ်ဆောင်စဉ်အတွင်း စစ်ရေယာဉ်များမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသားများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး စစ်ရေယာဉ်များပေါ်တွင် စနစ်တကျနေရာချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့စဉ် စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေစရာဖျော်ဖြေမှုများ ပြုလုပ်ပေးခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် စုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း စသည်တို့ကို စစ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစစ်ရေယာဉ်များ အမိမြန်မာပြည် မြန်မာရေပိုင်နက်အတွင်းသို့ စတင် ချင်းနင်းဝင်ရောက်ချိန်၌ မိခင်နိုင်ငံ၏ အရိပ်အာဝါသနှင့် ကာလအတန်ကြာ ဝေးကွာနေသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ မိဘ အရင်းသဖွယ် မောင်နှမရင်းချာ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြောင်း သတင်းစကားပါးမှုအပေါ် ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီး၍ ပျော်ရွှင်ချမ်းမြေ့မှုဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသားများအား အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ ကြီးမားသောမေတ္တာတရားနှင့် စေတနာအပြည့်အဝထားရှိမှုများ ပေါင်းစပ်သည့် တပ်မတော်သားများနှင့် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိသူများအားလုံးကို မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏မိသားစုများက ကျေးဇူးတင်လျက်ရှိသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးကင်းလုံခြုံစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအမှန်ကို သိရှိနားလည်ကြကာ ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာလုပ်ငန်းအသီးသီးတွင် မိမိတို့တတ်စွမ်းသမျှ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြခြင်းဖြင့်
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားများကို အစွမ်းကုန်မြှင့်တင်နိုင်ပြီး ဂုဏ်သိက္ခာရှိ၍ စိတ်ချလုံခြုံသည့် လူနေမှုဘဝများကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေးဆွဲဆောင်မှုကို အယုံမလွယ်ကြရန်၊ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာခြင်းများ မပြုလုပ်ကြရန်၊
လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်ကြရန် လိုအပ်မည်ဖြစ်ပြီး အကယ်၍ ပြည်ပနိုင်ငံများတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့လာရပါက မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာဖြင့် ပြန်လည်လာရောက်နိုင်ရေးတို့ကို မြန်မာနိုင်ငံအစိုးရက သက်ဆိုင်ရာနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment