Tuesday, October 6, 2026

စိုက်ပျိုးမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်

 


စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် မြန်မာနိုင်ငံ ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးထားသော အဓိကမဏ္ဍိုင်ကြီးဖြစ်သည်။ နိုင်ငံခြားဝင်ငွေရရှိမှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များမှ ရရှိခြင်းဖြစ်သည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများမှာ လွန်စွာနည်းပါးလှသည်။

“နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားအနှောင့်အယှက်ဖြစ်စေခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့သော အခြေအနေတွင် မိမိတို့အနေဖြင့် မိမိတို့ ကြိုးစားလုပ်ကိုင်နိုင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုမူ ဆောင်ရွက်၍ရနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ရရှိရေးနှင့် အထွက်နှုန်းများ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်တည်တံ့ပြီး အကျိုးအမြတ်ရရှိနိုင်ခြေလည်း မြင့်မားသည်။ တစ်ဖက်တွင်လည်း ရာသီဥတု၊ ရောဂါဘယကျရောက်မှုနှင့် ဈေးကွက်အတက်အကျ စသည့်စိန်ခေါ်မှုများနှင့် စွန့်စားရမှုများလည်း များပြားသည်။ သို့တိုင်အောင် လူသားတို့အတွက် မရှိမဖြစ် လိုအပ်သော အသား၊ ငါး၊ နို့၊ ဥနှင့် ကောက်ပဲသီးနှံများ စသည့် စားရေရိက္ခာများကို ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ဈေးကွက်က အမြဲရှိနေသည်။ စိုက်ပျိုးရေးမှထွက်သော ဘေးထွက်ပစ္စည်းသည် မွေးမြူရေးအစာအဖြစ်အသုံးပြုနိုင်ပြီး မွေးမြူရေးမှရသော စွန့်ပစ်ပစ္စည်းသည် စိုက်ပျိုးရေးသဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် တွဲဖက်လုပ်ကိုင်နိုင်သည်။ ယခင် သမားရိုးကျ စိုက်ပျိုးမွေးမြူရေးတွင် ခေတ်မီနည်းပညာများ အသုံးပြုလုပ်ကိုင်လာနိုင်သည်နှင့်အမျှ ထုတ်လုပ်မှုသည်လည်း ပိုမိုမြင့်မားလာနိုင်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် သဘာဝဘေးအန္တရာယ်များကို တိုက်ရိုက်ခံစားရသည့် သဘောသဘာဝရှိခြင်းကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အပူရှိန်လွန်ကဲခြင်းတို့အပါအဝင် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံများနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးနိုင်သည်။ သီးနှံပိုးမွှားများနှင့် တိရစ္ဆာန် ကူးစက်ရောဂါများကလည်း ရင်းနှီးမြှုပ်နှံမှုများကို ရုတ်တရက် ဆုံးရှုံးနိုင်ခြေရှိသည်။ စိုက်ပျိုးရေးဆေးများ၊ ဓာတ်မြေသြဇာများ၊ မွေးမြူရေးအစာများ၊ တိရစ္ဆာန်ဆေးဝါးများ စသည့်သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမားလာခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း စသည်တို့မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအတွက် စိန်ခေါ်မှုများဖြစ်သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူနှင့် တောင်သူတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ပုံစံအမျိုးမျိုးရှိရာ အကျိုးတူစာချုပ်စိုက်ပျိုးရေးစနစ် (Contract Farming)၊ နည်းပညာနှင့် စက်မှုလယ်ယာစနစ်၊ တောင်သူစုပေါင်းအဖွဲ့နှင့် ရှယ်ယာစနစ်၊ အကျိုးတူ ပူးပေါင်းမွေးမြူရေးစနစ်တို့မှာ စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည့် စနစ်များဖြစ်သည်။ အထူးသဖြင့် လက်ရှိကာလတွင် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာခြင်း၊ လုပ်သားရှားပါးလာခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်လာခြင်း စသည့် အကြောင်းများကြောင့် ခေတ်မီနည်းပညာနှင့် စက်မှုလယ်ယာပူးပေါင်းလုပ်ကိုင်သည့်စနစ်ကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သင့်သည်။ အဆိုပါစနစ်အရ ထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ဆိုလာရေတင်စနစ်၊ ရေဖျန်းစနစ်၊ မှန်လုံအိမ် (Greenhouse) စသည့် ခေတ်မီစက်ကိရိယာများနှင့် စိုက်ပျိုးရေး နည်းပညာများကို ရင်းနှီးမြှုပ်နှံသူက ပံ့ပိုးပေးပြီး တောင်သူက ခေတ်မီနည်းပညာသစ်များနှင့်အညီ လိုက်နာလုပ်ကိုင်၍ အထွက်နှုန်း ကောင်းမွန်အောင် လုပ်ကိုင်ကြရမည်ဖြစ်သည်။ စက်ကိရိယာများနှင့် နည်းပညာများသုံးစွဲခြင်းကြောင့် အချိန်နှင့် လုပ်အားတို့ သက်သာပြီး အထွက်နှုန်းမှာလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။

မိမိတို့၏ အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းပညာများ၊ စက်ကိရိယာများနှင့် ပေါင်းစပ်လုပ်ကိုင်မှသာ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု ပိုမိုမြင့်မားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment