Tuesday, October 6, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၅

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် Mobile Internet Data အသုံးပြုနိုင်ရေး၊ ဆေးရုံအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ဓာတ်မှန်စက်တပ်ဆင်ပေးရေး၊ ဝန်ထမ်းများ ခန့်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေ၏ တောင်တွင်းကြီးမြို့နယ်၌ Mobile Internet Data အသုံးပြုခွင့်ကို မည်သည့်အချိန်ကာလတွင် မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၃၃ ခု၊ ATOM မှ မိုဘိုင်းစခန်း ၄၂ ခု၊ U9 မှ မိုဘိုင်းစခန်း ၃၄ ခု၊ Mytel မှ မိုဘိုင်းစခန်း ၄၉ ခု စုစုပေါင်း မိုဘိုင်း စခန်း ၁၅၈ ခု တည်ဆောက်တပ်ဆင်၍ ဖိုင်ဘာဆက်ကြောင်း၊ မိုက်ခရိုဝေ့ဖ် အဝေးဆက်သွယ်ရေး ဆက်ကြောင်းစနစ်များဖြင့် ချိတ်ဆက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှုများရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

တောင်တွင်းကြီးမြို့နယ်အတွင်း FTTH ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီငါးခုက မြို့နယ်အတွင်း ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာ ၂၅ ရွာ၊ အိမ်ခြေ ၆၀၁၂ အိမ်သို့ အင်တာနက်ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများနှင့် အများပြည်သူလူမှုစီးပွားဘဝ၊ ပညာရေး၊ MSME လုပ်ငန်းများ၊ Digital Payment နှင့် ငွေကြေးဝန်ဆောင်မှုများ၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များတွင် ဆက်သွယ်မှုအဆင်ပြေစေရန် Global Link ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၊ Top Net ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၊ MPT ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၊ Fiber Life ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းနှင့် Mytel ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတို့မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ FTTH ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ ထပ်မံလိုအပ်ချက်များရှိပါက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် တောင်တွင်းကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေပေးပါက ပျက်စီးသွားသော တာဝါတိုင်များ၊ မိုဘိုင်းစက်ပစ္စည်းများ၊ မီးစက်များအား ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မင်းတုန်းမဲဆန္ဒနယ်မှ ဦးစိုးနိုင်၏ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ တိုးချဲ့နှစ်ထပ်ဆောင်တစ်လုံး ခွင့်ပြုဆောက်လုပ်ပေးနိုင်ပါရန် သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မင်းတုန်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ တစ်ရုံ၊ မြောက်ပြင်နှင့် ကျောက်တိုင်တိုက်နယ်ဆေးရုံ နှစ်ရုံရှိပါကြောင်း၊ တိုက်နယ်ဆေးရုံ နှစ်ရုံအနေဖြင့် ဒေသအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် မြို့နယ်ဆေးရုံ တစ်ခုတည်းကိုသာ အားထားနေရသည့် အနေအထား ဖြစ်ပါကြောင်း၊ လက်ရှိမင်းတုန်းမြို့နယ်ဆေးရုံမှာ အတွင်းလူနာ ၁၆/၂၀ ဦးနှင့် ပြင်ပလူနာ ၁၀/၁၅ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါကြောင်း၊ မင်းတုန်းမြို့နယ်ဆေးရုံကို ၁၉၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်အတွက် အဆောက်အအုံအိုဟောင်းခြင်း၊ အခန်းဖွဲ့စည်းပုံများ ကျဉ်းခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အကန့်အသတ်ရှိနေကြောင်း စိစစ်တွေ့ရှိရပါကြောင်း။

ထို့ကြောင့် လက်ရှိအသုံးပြုလျက်ရှိသော ဆေးရုံအဆောက်အအုံအား ပြုပြင်ရန် လိုအပ်သော လုပ်ငန်းများအတွက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွင်း သာမန်အသုံးစရိတ်ရန်ပုံငွေ အသုံးပြု၍ ပြင်ဆင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် တိုးချဲ့နှစ်ထပ်ဆောင် အသစ်ဆောက်လုပ်ရန်အတွက် ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ်တွင် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်၏ ဘိုကလေးမြို့နယ် ကဒုံကနိတိုက်နယ်ဆေးရုံရှိ ဓာတ်မှန်စက်မှာ ပျက်စီးနေပါသဖြင့် အစားထိုးတပ်ဆင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ဘိုကလေးမြို့နယ် ကဒုံကနိ တိုက်နယ်ဆေးရုံ၌ တပ်ဆင်အသုံးပြုခဲ့သော ဓာတ်မှန်စက် 50MA(Model:F50-100,China) ချွတ်ယွင်းသွားသည့်အတွက် ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အဆိုပါဓာတ်မှန်စက်သည် Model အဟောင်း ဖြစ်နေပါသဖြင့် Spare Parts များ ရရှိနိုင်ရန် မလွယ်ကူခြင်းကြောင့် ပြင်ဆင်၍မရနိုင်ပါကြောင်း၊ ယင်းဓာတ်မှန်စက်အား အစားထိုး တပ်ဆင်နိုင်ရေးအတွက် 100MA Digital X-Ray အား ပေးပို့ထားခဲ့ရာ ၂၄-၉-၂၀၂၆ ရက်နေ့တွင် ကုမ္ပဏီမှ Installation လာရောက်ပြုလုပ်ပေးခဲ့ပြီး ၂၉-၉-၂၀၂၆ ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါကြောင်း ပြန်လည် ဖြေကြား​သည်။

မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်၏ မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ တာဝန်မှ ပျက်ကွက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ဆေးရုံပိတ်ထားခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သည့်အခါ မြစ်ကြီးနားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဆားမှော်တိုက်နယ် ဆရာဝန်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့ပါကြောင်း၊ သို့သော်လည်း ခြိမ်းခြောက်ခံရမှုကြောင့် အဆိုပါ ဆရာဝန်အား ဆားမှော်တိုက်နယ်ဆေးရုံမှ မိုးကောင်းမြို့နယ်ဆေးရုံသို့ တွဲဖက်ထားခဲ့ရပါကြောင်း၊ ပြန်လည် တာဝန်ချထားရန် ဆောင်ရွက်ရာတွင် ဆရာဝန်အနေဖြင့် စိုးရိမ်ပူပန်မှု ရှိနေဆဲဖြစ်သည့်အတွက် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ အခြားလက်ထောက်ဆရာဝန်တစ်ဦးကို အစားထိုးတာဝန်ချထားနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအချိန်က ဒေသအခြေအနေအရ ဆားမှော်တိုက်နယ်ဆေးရုံသို့ ဆရာဝန်စေလွှတ် တာဝန်ထမ်းဆောင်စေရေးအား ဆိုင်းငံ့ထားခဲ့ပါကြောင်း။

ယခုအခါ ဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဆရာဝန်တစ်ဦးအား ဆားမှော်တိုက်နယ်ဆေးရုံတွင် နှစ်လအတွင်း အမြန်ဆုံး တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအောင်မြသန်း၏ ညောင်တုန်းမြို့နယ် ခုတင်(၁ဝဝ) ပြည်သူ့ဆေးရုံရှိ သုံးထပ်ဆောင် ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တိုးချဲ့ သုံးထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကာလတွင် ခွင့်ပြုရန်ပုံငွေကျပ် ၄၀၀ ဒသမ ၀၀၀ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်တန်ဖိုး ၆၆၈ ဒသမ ၂၇၉ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနတို့ စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ကာ စီမံကိန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းပြီးစီးမှု ငွေပေးချေခဲ့ပြီး ကုမ္ပဏီမှ စာချုပ်ပါစည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုမရှိပါသဖြင့် မူလတင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ရပ်စဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လတွင် စာချုပ်ရပ်စဲ ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်တွင် အဆိုပါအဆောက်အအုံ ဆက်လက်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကာလစီမံကိန်းတန်ဖိုးအရ ကျန်ရန်ပုံငွေကျပ် ၃၃၄ ဒသမ ၁၄၀ သန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁၅)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကာလတွင် လူနာကုသဆောင် အချောသပ်ဆောင်ရွက်ရန် ငွေကျပ် ၉၉၇ ဒသမ ၀၀၀ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးချဲ့သုံးထပ်ဆောင် ပြင်ပဆက်စပ်လုပ်ငန်းများနှင့် ဓာတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်ကာလတွင် လျာထားသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးချိန် ၂၀၂၈ ခုနှစ်တွင် လူနာများအား ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ၏ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါရှာဖွေ စမ်းသပ်သည့် စက်ပစ္စည်းကိရိယာများနှင့် (၂၅)ခုတင် မှ (၅ဝ)ခုတင်ဆံ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့တွင် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံနှင့် မိုင်းစံ(မုန်းဆန်း)တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ သုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၁ ခုတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မိုင်းရှူးပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းနှင့်အတူ အထက်တန်း သူနာပြု ငါးဦး၊ သူနာပြု ခုနစ်ဦးနှင့် အခြားကျန်းမာရေးဝန်ထမ်း ခုနစ်ဦးတို့က နေ့စဉ်ပျမ်းမျှအတွင်း လူနာ ၁၉ ဦးနှင့် ပြင်ပလူနာ ၂၀ ခန့်အား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးတက်စေရေးအတွက် လက်ထောက်ဆရာဝန် တစ်ဦးအား ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း ခန့်ထားပေးမည်ဖြစ်ပါကြောင်း။

မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် Digital X-Ray( 100 mA) Machine Inverter Type (1) No အား ထောက်ပံ့ပေးထားပြီးဖြစ်ပါကြောင်းနှင့် ဓာတ်ခွဲခန်းအတွက် လိုအပ်သော ခေတ်မီရောဂါရှာဖွေစမ်းသပ်သည့် ဓာတ်ခွဲခန်းသုံး စက်ကိရိယာများကို ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း။

မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံအနေဖြင့် သုံးနှစ်ပျမ်းမျှအတွင်းလူနာ ၂၄ ဦးရှိသည့်အတွက် ခွင့်ပြုခုတင်၏ ၉၅ ရာခိုင်နှုန်းရှိနေပါကြောင်း၊ ဆေးရုံများ ခုတင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၏ သုံးနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေ၊ ဒေသလိုအပ်ချက်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်လာပြီး လူဦးရေများပြားလာခြင်းနှင့် သွားလာရေးခက်ခဲပြီး လူနာသယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်အရ တာဝန်ချထားပေးနိုင်မှု အခြေအနေများပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

မိုင်းရှူးပြည်သူ့ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်လာစေရေးအတွက် ဆရာဝန်/ သူနာပြုနှင့် အခြားဝန်ထမ်းများခန့်ထားရေး၊ ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်လာမှုပေါ်မူတည်၍ ခုတင်အဆင့်တိုးမြှင့်ခြင်းကို စဉ်းစားဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း တင်သွင်းသည့် “မြန်မာနိုင်ငံ ပြည်တွင်း ဘဏ်များ အရေအတွက်လျှော့ချပြီး ပိုမိုခိုင်မာ အင်အားကြီးပြီး အရည်အသွေးမြင့်သောဘဏ်များ ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက နိုင်ငံတကာအဆင့်မီဘဏ်ကြီးများ ပေါ်ပေါက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ ယုံကြည်စိတ်ချစွာ စုဆောင်းအပ်နှံထားသည့် ဘဏ်များတွင် ငွေကြေးအရင်းအမြစ်များ တိုးပွားလာပါက MSME လုပ်ငန်းများ၊ စက်မှုနှင့် မွေးမြူရေးလုပ်ငန်းများ၊ အခြား စီးပွားရေးလုပ်ငန်းများအပြင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာကာ ပြည်သူများ၏ ဝင်ငွေတိုးတက်လာမည် ဖြစ်ပါကြောင်း၊

ထို့ပြင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ တိုးပွားရရှိလာနိုင်သဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရည်အသွေးပြည့်မီပြီး နိုင်ငံတကာအဆင့်မီဘဏ်များ ပေါ်ပေါက်လာခြင်းမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က ဘဏ်လုပ်ငန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစီးဆင်းမှု၊ စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလိုအပ်ချက်များ၊ ပြည်သူများ၏ စုဆောင်းငွေများနှင့် ငွေပေးချေမှုစနစ်များ တိုက်ရိုက်ဆက်စပ်နေသော အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဘဏ်အရေအတွက်ကို မည်မျှထားရှိရမည်ဆိုသည့် အချက်တစ်ခုကိုသာ ကြည့်ရှုရန်မဟုတ်ဘဲ နိုင်ငံ့ဘဏ်လုပ်ငန်းစနစ်တစ်ခုလုံး၏ တည်ငြိမ်မှု၊ ခိုင်မာမှု၊ ယုံကြည်စိတ်ချရမှု၊ ဝန်ဆောင်မှုအရည်အသွေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုနိုင်မှုတို့ကို ဘက်စုံစဉ်းစားရန် လိုအပ်ပါကြောင်း။

အဆိုရှင်၏ မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုခိုင်မာအားကောင်းစေရေး ရည်ရွယ်ချက်ကောင်းကို ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာကော်မတီအနေဖြင့် လေးစားအသိအမှတ်ပြုပါကြောင်း၊ သို့သော် ဘဏ်အရေအတွက် လျှော့ချဆောင်ရွက်ခြင်းဖြင့်သာ ဘဏ်လုပ်ငန်းစနစ် ခိုင်မာလာမည် မဟုတ်ပါကြောင်း​၊ လက်ရှိကာလတွင် အရေးကြီးဆုံးမှာ ဘဏ်အရေအတွက် လျှော့ချရေးထက် ဘဏ်တစ်ခုချင်း၏ ခိုင်မာမှု၊ ပြည်သူ့ငွေကြေးလုံခြုံမှု၊ ပုံမှန်ငွေထုတ်ငွေလွှဲနှင့် ချေးငွေဝန်ဆောင်မှုများ ပုံမှန်လည်ပတ်နိုင်ရေးတို့ကိုသာ ဦးစားပေး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဘဏ်အရေအတွက် လျှော့ချပြီး ပေါင်းစည်းပေးရန် မလိုအပ်သေးပါကြောင်းနှင့် ဈေးကွက်ကတောင်းဆိုမှသာ တည်ဆဲဥပဒေများအတိုင်း ဈေးကွက်ယန္တရားအရသာ ပံ့ပိုးဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေး​သည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရာတွင် ခိုင်မာသော အရင်းအနှီး၊ ကောင်းမွန်သော စီမံခန့်ခွဲမှု၊ ထိရောက်သော အန္တရာယ်စီမံခန့်ခွဲမှု၊ ခေတ်မီသောနည်းပညာ၊ လုံခြုံသော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်၊ ပြည်သူများအတွက် လုံလောက်သော ဘဏ်ဝန်ဆောင်မှု၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လုံလောက်သော ချေးငွေတို့ကို တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၏ ပုဒ်မ ၄၈ ကလည်း ဘဏ်များပေါင်းစည်းခြင်းကို ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ဥပဒေလမ်းကြောင်းကို ဖွင့်ပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံများကလည်း ပေါင်းစည်းရေးသည် အရေအတွက် လျှော့ချရန်အတွက်သာမဟုတ်ဘဲ အရင်းအနှီးခိုင်မာရေး၊ နည်းပညာရင်းနှီးမြှုပ်နှံနိုင်ရေး၊ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးနှင့် စီးပွားရေးကို ပိုမိုထိရောက်စွာ ငွေကြေးထောက်ပံ့နိုင်ရေးအတွက် အသုံးချနိုင်ကြောင်း ပြသနေပါကြောင်း။

ထို့ကြောင့် ယခုအဆိုကို အကောင်အထည်ဖော်ရာတွင် “ဘဏ်အနည်းငယ်သာ ကျန်ရှိရေး”ကို ရည်မှန်း ချက်မထားဘဲ “အားနည်းသောဘဏ်များ လျော့နည်းပြီး၊ ခိုင်မာသောဘဏ်များ ပိုမိုများပြားလာရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုလုံခြုံလာရေးနှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးကို ပိုမိုထိရောက်စွာ ခွဲဝေပေးနိုင်ရေး”ကို အဓိကရည်မှန်းချက်အဖြစ်ထား၍ အဆင့်ဆင့်၊ စနစ်တကျနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

ရပ်စောက် မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်းက ဘဏ်အရေအတွက် လျှော့ချရေးကိစ္စသည် တည်ဆဲဥပဒေများဖြစ်သည့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ၊ အထူးကုမ္ပဏီများအက်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေတို့တွင်ပါသည့် ပြဋ္ဌာန်းချက်များအတိုင်း အထူးသတိပြု လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုနည်းလမ်းများ မမှန်ကန်ပါက ဘေးထွက်ဆိုးကျိုးများ အလွန်များနိုင်မည်ဖြစ်ပါကြောင်း၊ ​ပိုမိုအင်အားကြီးပြီး အရည်အသွေးမြင့်သောဘဏ်များ ပေါ်ပေါက်ရေးအဆိုကို ထောက်ခံပါကြောင်း၊ အင်အားကြီးပြီး အရည်အသွေးမြင့်မားရေးအပိုင်းတွင် Regional သာမက World Class အထိ တက်လှမ်းနိုင်လျှင် ပိုကောင်းမည်ဖြစ်ပါကြောင်း။ ယခု ဆွေးနွေးနေသည့်အဆိုကဲ့သို့ Multidire-ctional Impact ဖြစ်စေနိုင်သော၊ Sensitive ဖြစ်သော အဆိုမျိုးကို လွှတ်တော်တွင်းဆွေးနွေး၊ ထောက်ခံ၊ မှတ်တမ်းတင်၊ ကန့်ကွက်အတည်ပြုခြင်းများ မပြုလုပ်မီ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပါဝင်သည့် ဖိုရမ်များနှင့် အပြန်အလှန်ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဆွေးနွေးပြီးမှ လွှတ်တော်တွင် ဆုံးဖြတ်အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်းက ဘဏ်များပေါင်းစည်းခြင်းကြောင့် ကောင်းကျိုးရရှိသွားသည့် နိုင်ငံများရှိသကဲ့သို့ နိုင်ငံစီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်သွားသည့် နိုင်ငံများလည်း ရှိပါကြောင်း၊ လက်ရှိအနေအထားတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး၊ ငွေကြေးဈေးကွက်နှင့် ငွေရေးကြေးရေးဘဏ်များ ကဏ္ဍမှာလည်း တည်ငြိမ်မှုရရှိနေပြီဖြစ်ပါကြောင်း၊ မိမိတို့ ထည့်သွင်းစဉ်းစားရမည်မှာ စနစ်ကြောင့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်၊ နိုင်ငံ၏ မက္ကရိုစီးပွားရေးအပေါ်တွင် ထိခိုက်နိုင်ခြေနှင့် ဖွဲ့စည်းမှုပြောင်းလဲခြင်းကြောင့် စိန်ခေါ်မှုများ၊ ဖြစ်နိုင်ခြေများကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်ပါကြောင်း။

လက်ရှိဘဏ်လုပ်ငန်းများသည် တည်ငြိမ်ပြီး ကောင်းမွန်စွာ လည်ပတ်နေပြီဖြစ်ပါကြောင်း၊ အဆိုရှင်၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ပါကြောင်း၊ ရည်ရွယ်ချက်ကို မူအားဖြင့် သဘောတူပါသော်လည်း လက်ရှိ ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်တည်ငြိမ်နေမှု၊ မိမိနိုင်ငံအတွင်းရှိ အစိုးရပိုင်ဘဏ် လေးဘဏ်၊ ပုဂ္ဂလိက ဘဏ် ၂၇ ဘဏ်နှင့် နိုင်ငံအနှံ့ ဘဏ်ခွဲပေါင်း ၁၉၀၀ ကျော်အား Banking system အတွက် ကိုက်ညီမှုများ ရှိနေပါသေးကြောင်း၊ အချိန်အခါနှင့် ကူးပြောင်းမှု နည်းလမ်းလွဲမှားသွားမည်ဆိုလျှင် ပြည်သူများ၏ ဘဏ်စနစ်အပေါ် ယုံကြည်မှု လျော့ပါးထိခိုက်စေပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှု မြင့်တက်လာနိုင်ပါကြောင်း။

သို့ဖြစ်ပါ၍ အမှန်တကယ်လိုအပ်သည့် အချိန်ကျမှသာ နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှု၊ ဗဟိုဘဏ်၏ ကြီးကြပ်မှုတို့ဖြင့် ဆက်လက် လုပ်ဆောင်သွားသင့်ပါကြောင်း၊ လက်ရှိတွင် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အားကောင်းခိုင်မာသောဘဏ်များ ပေါ်ပေါက်စေရေးအတွက် ဘဏ်အရေအတွက်ကိုသာ ထိန်းချုပ်ခြင်းမဟုတ်ဘဲ ဘဏ်တစ်ခုချင်းစီ၏ လုံခြုံမှုနှင့် အားကောင်းခိုင်မာမှုကို အဓိကထားခြင်း၊ ဘဏ်များ၏ မတည်ငွေရင်း ကောင်းမွန်ခြင်း၊ ရရန်ပိုင်ခွင့်အရည်အသွေး ကောင်းမွန်ခြင်း၊ စီမံအုပ်ချုပ်မှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း၊ နည်းပညာနှင့် စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်ခြင်းတို့အပေါ် အခြေခံ၍ တည်ငြိမ်ခိုင်မာသော ဘဏ်စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထား သည့်ငွေရေးကြေးရေး အားကောင်းခိုင်မာမှုအချိုးများ ပြည့်မီလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ပုဂ္ဂလိကဘဏ်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ တွေ့ရှိချက်များအရ လက်ရှိတည်ငြိမ်မှုရှိနေသည့် အနေအထားအား ထိခိုက်မှုမရှိစေရေးအတွက် ဘဏ်များပေါင်းစည်းခြင်းကို ဆောင်ရွက်ရန် အချိန်အခါမသင့်သေးဟု သုံးသပ်ရရှိပါကြောင်း။

သို့ဖြစ်ရာ ဘဏ်များပေါင်းစည်းခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွင် ဘဏ်များပေါင်းစည်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံ၏ စီးပွားရေးစနစ်ဖွံ့ဖြိုးလာမှု၊ ဘဏ်စနစ်တည်ငြိမ်ပြီး ပိုမိုခိုင်မာလာမှုနှင့် ဘဏ်တစ်ခုချင်းစီ၏ လိုအပ်မှုတို့အပေါ် မူတည်ပြီး ပြည်တွင်းဘဏ်များလျှော့ချခြင်း သို့မဟုတ် ပေါင်းစည်းခြင်းကို နိုင်ငံတော်၏ မူဝါဒနှင့်အညီသာ ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေးနှင့် ဘဏ်များ အားကောင်းခိုင်မာစေရေး ဆက်လက်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးချမ်း တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ သင့်လျော်သည့် အချိန်ကာလတစ်ခုရောက်မှသာ စဉ်းစားသင့်ကြောင်း၊ လတ်တလောအခြေအနေတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို အောက်တိုဘာ ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအဖွဲ့

No comments:

Post a Comment