Wednesday, October 21, 2026

ပွင့်လင်းမြင်သာစွာထိတွေ့ဆက်ဆံ အကျိုးရလဒ်ကောင်းများဆောင်ကြဉ်း


စိတ်ကူး၊ အတွေးအခေါ်၊ အယူအဆ၊ ဝါဒသဘောတရားအချင်းချင်း ကွဲပြားမှုများကား အမှန်ရှိနေပေမည်။ သို့သော်လည်း ဂိုဏ်းဂဏ၊ အယူအဆကွဲပြားမှုများကို စစ်တလင်းအဖြစ် အသုံးချခြင်းသည်ကား လုံးဝလိုလားအပ်သောအရာမဟုတ်ပေ။ အခြားသူတို့၏ အယူအဆကိုနားလည်အောင်ကြိုးစားကြလျက် ဝါဒကွဲလွဲခြင်းအတွက် သည်းခံခွင့်လွှတ်နိုင်သောစိတ်ဓာတ်မျိုးကို များများကြီးမွေးမြူသင့်ကြသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်မတူသဘောကွဲလွဲမှုများကို ပွင့်လင်းမြင်သာစွာ ထဲထဲဝင်ဝင်ထိတွေ့ဆက်ဆံပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဖြင့် အကျိုးရလဒ်ကောင်းများကို ရရှိနိုင်ပေသည်။

မြန်မာနိုင်ငံတွင် လိပ်ခဲတည်းလည်းဖြစ်နေသော ငြိမ်းချမ်းရေးပြဿနာကို ကာလရှည်ကြာအဖြေရှာခဲ့ကြသော်လည်း ပြီးပြည့်စုံသောအခြေအနေတစ်ခုသို့ ရောက်မလာသေးပေ။ သို့သော် မပြေလည်သေးသောပြဿနာကို အထပ်ထပ်အခါခါ နည်းလမ်းအမျိုးမျိုးအဖြေရှာခြင်းဖြင့် အရွေ့တစ်ခုသို့ရောက်လာခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးဆောင်အကောင်အထည်ဖော်နေသောအဖွဲ့အစည်းသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဖြစ်သည်။

ကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် နှစ်ဖက်အဖွဲ့အစည်းများ၏ အဓိကလိုလားချက်ဖြစ်သည်။ ဆွေးနွေးမှုများအနက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်၊ ဖြည့်စွက်ရန် အချက် ၄၃ ချက်ကို သဘောတူနိုင်ခဲ့သည်။ အဆိုပါသဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတကပေးပို့ထားပြီးဖြစ်သည်။ လူ့အဖွဲ့အစည်းများအတွင်း ကွဲပြားစေသည့်အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ကွန်ရက်ကိုအသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ကြရန်လိုသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကွဲပြားနေသော တိုင်းရင်းသားပြည်သူများကို နိုင်ငံရေးပါတီများကပေါင်းစည်းပေးနိုင်ပြီး လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန်လိုသည်။ လက်ရှိတွင် နိုင်ငံရေးပါတီများ အပါအဝင် ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ကြသောသူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာကြရသော ပြည်သူများအား ကူညီဆောင်ရွက် ပေးနိုင်ရေးလှုပ်ရှားမှုများကို သီးခြားဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ နေရပ်ပြန်မည့် နေရပ်စွန့်ခွာပြည်သူများအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာ မူဝါဒများဆွေးနွေးနိုင်ရန် အစိုးရ၏လုပ်ဆောင်ချက်များတွင် ပေါင်းစပ်အကူအညီပေးနိုင်သည်။

လက်ရှိတွင် ကယား၊ ချင်း၊ ပအိုဝ်းဒေသများရှိပြည်သူများ နေရပ်ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သည်။ နိုင်ငံရေးပါတီများသည် ပြည်သူများအားကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်၍ ဒေသခံပြည်သူများအကျိုးကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများကိုအသုံးချ၍ အစိုးရနှင့် ပြည်သူ၊ တပ်မတော်နှင့် ပြည်သူ၊ ပြည်သူနှင့် ပြည်သူအကြား သဘောထားအမြင်ကွဲပြားအောင် ဆောင်ရွက်နေမှုများကိုလည်း သတိပြုဖို့လိုသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်စည်စီးဆင်းမှုကောင်းမွန်ရေးတို့အတွက် ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများကို လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆွေးနွေးနိုင်ရန် နိုင်ငံရေးပါတီအစုအဖွဲ့ကို စုဖွဲ့မှုပုံစံသစ်ဖြင့် ဖွဲ့စည်းပေးထားသဖြင့် တွေ့ဆုံဆွေးနွေးမှုများမှာ ပိုမိုအားကောင်းလာသည်ကို တွေ့ရသည်။ နိုင်ငံရေးပါတီများက မိမိတို့ဒေသများအတွင်းရှိ ပြည်သူလူထုအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည်။ ပဋိပက္ခဒဏ်များ ခံစားနေကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လိုလားချက်များ၊ တောင်းဆိုမှုများကို သိရှိအောင်ဆောင်ရွက်ပြီး လိုအပ်ချက်များကို အကူအညီပေးနိုင်ရေး ဆောင်ရွက်ကြမည်ဖြစ်သည်။ နိုင်ငံရေးပါတီအစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အားလုံးပါဝင်နိုင်ရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရာတွင် ပဋိပက္ခဖြစ်ပွားရာဒေသများ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု လူမှုစီးပွားဘဝလိုအပ်ချက်များကို သဘောထားစစ်တမ်းကောက်ယူပြီး အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များ ပွင့်လင်းမြင်သာစွာ ထိတွေ့ဆက်ဆံခြင်းဖြင့် အကျိုးရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment