ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုဖြစ်စဉ်သည် သမိုင်းတစ်လျှောက် အားအကောင်းဆုံးစံချိန်အဖြစ်သို့ ရောက်ရှိနေသည်။ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်း၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ယခင်အားအကောင်းဆုံးဖြစ်ခဲ့ဖူးသည့် ၂ဝ၁၅ ခုနှစ် အယ်လ်နီညိုစံချိန်ကို ကျော်လွန်နေပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အားအကောင်းဆုံး အယ်လ်နီညိုဖြစ်လာစေရန် ၇၅ ရာခိုင်နှုန်းကျော်သေချာနေသည်ဟု သတင်းများတွင် တွေ့ရသည်။
လက်ရှိ စူပါအယ်လ်နီညိုဖြစ်စဉ်သည် လာမည့် နို၀င်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်းတွင် အမြင့်ဆုံး (peak) သို့ရောက်ရှိမည်ဖြစ်သည်။ ဤပြင်းထန်သောအခြေအနေသည် လာမည့်နှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ မတ်လအထိ ၈၃ ရာခိုင်နှုန်းကျော် သေချာပေါက် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းရောက်မှသာ ပုံမှန်အခြေအနေသို့ ပြန်လည်ကူးပြောင်းနိုင်ခြေရှိသည်ဟုဆိုသည်။ အဆိုပါ အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင် မိုးခေါင်ရေရှားခြင်း၊ ပုံမှန်ထက် အပူချိန်အဆမတန်မြင့်မားခြင်း၊ ဆောင်းရာသီတွင် ရာသီဥတုမအေးဘဲ ပူနွေးနေခြင်းနှင့် မြစ်ရေများစံချိန်တင်ကျဆင်းခြင်းတို့ ကြုံတွေ့နေရသည်။
စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ လူတိုင်းနှင့်သက်ဆိုင်သည့်အလျောက် အလေးအနက်ထား၍ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့လိုသည်။ လက်ရှိကာလသည် မိမိတို့နိုင်ငံတွင် ပုံမှန်အားဖြင့် မိုးအကုန်ဆောင်းအကူးကာလဖြစ်သော်လည်း ခြောက်သွေ့ရာသီသို့ရောက်ရှိလာပြီဖြစ်ရာ မီးလောင်မှု၊ မီးလန့်မှုအန္တရာယ်များကြိုတင်ကာကွယ်ရေးနှင့်အတူ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အနယ်နယ်အရပ်ရပ်တို့တွင် ဆောင်ရွက်လျက်ရှိကြသည်။
အပူရှိန်မြင့်မားသည့် အယ်လ်နီညိုကာလတွင် ရာသီဥတုခြောက်သွေ့ပြီး အပူဒဏ်ကြောင့် မီးလောင်လွယ်သည့်အခြေအနေတွင် ရှိနေသည်။ အပူရှိန်မြင့်မားချိန်တွင် လေအေးပေးစက် (Aircon) ၊ ရေခဲသေတ္တာနှင့် လျှပ်စစ်ပစ္စည်းများကို အချိန်ကြာမြင့်စွာ ဆက်တိုက်အသုံးပြုခြင်းကြောင့် စက်ပစ္စည်းများအပူလွန်ကဲပြီး မီးလောင်နိုင်သည်ကို သတိပြုကြရန်လိုသည်။ ပလပ်ခုံတစ်ခုတည်းတွင် မီးပူ၊ ရေနွေးအိုး၊ မီးဖို စသည်ဖြင့် ပါဝါမြင့်သောပစ္စည်းများကို ပြိုင်တူသုံးစွဲမှုမျိုးကိုလည်း ရှောင်ရှားကြရမည်ဖြစ်ပြီး ဖုန်း၊ ပါဝါဘဏ်နှင့် လက်ပ်တော့ပ်တို့ကို ညအိပ်ချိန် သို့မဟုတ် အပြင်သွားချိန်တို့တွင် အားသွင်းထားခဲ့ခြင်းသည်လည်း အပူချိန်ကြောင့် ဘက်ထရီပေါက်ကွဲမှုဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
ထမင်းဟင်းချက်ပြုတ်ပြီးလျှင် မီးဖို (ဓာတ်ငွေ့မီးဖို၊ လျှပ်စစ်မီးဖို၊ ထင်း/မီးသွေးမီးဖို) တို့ကို စနစ်တကျမီးငြှိမ်းသတ်ရန်၊ လောင်စာဆီများနှင့် ဂက်စ်အိုးများ၊ အိမ်သုံးဖျန်းဆေးဘူးများကို နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာ သို့မဟုတ် အပူရှိန်ပြင်းသောနေရာများတွင် လုံးဝမထားရန်၊ နေပူထဲတွင်မဖြစ်မနေကားရပ်ရပါက ကားအတွင်းခန်း အပူလွန်ကဲလာမည်ဖြစ်ခြင်းကြောင့် ဂက်စ်မီးခြစ်၊ ပါဝါဘဏ်၊ ဖုန်း၊ စက္ကူဘူးခွံများထားခဲ့ခြင်းမပြုရန်တို့ကိုလည်း သတိထားကြရန်လိုသည်။
အပူရှိန်ပြင်းထန်သည့်အချိန်တွင် ဓာတ်ဆီကဲ့သို့ လောင်စာဆီများကို ပုံးလှယ်ခြင်း၊ ပုံးပြောင်းခြင်းတို့သည် အငွေ့ပြန်နှုန်းမြင့်မားခြင်းနှင့် တည်ငြိမ်လျှပ်စစ် (Static Electricity) တို့ကြောင့် လွန်စွာအန္တရာယ်ကြီးပြီး မီးလောင်ပေါက်ကွဲမှု အလွယ်တကူဖြစ်ပွားနိုင်သည်။ သို့ဖြစ်ရာ အပူရှိန်မြင့်မားချိန်တွင် ဆီပုံးလှယ်ခြင်းကို လုံးဝရှောင်ကြဉ်ရန်၊ လေဝင်လေထွက်ကောင်းပြီး အရိပ်ရသောနေရာတွင်ပြုလုပ်ရန်၊ ကားနောက်ဖုံး၊ ထရပ်ကားပေါ်၊ ပလတ်စတစ်ခုံများပေါ်တင်၍ ဆီပုံးမပြောင်းရန်၊ ပုံးအားလုံးကို မြေကြီး သို့မဟုတ် ကွန်ကရစ်ကြမ်းပြင်ပေါ် တိုက်ရိုက်ချထားပြီး ဆီလှယ်ခြင်းအားဖြင့် တည်ငြိမ်လျှပ်စစ်ကို မြေကြီးထဲ စီးဆင်းသွားစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ဆီလောင်းထည့်နေစဉ် ပုံးနှစ်ခုလုံး၏ နှုတ်ခမ်း သို့မဟုတ် ဆီကန်တော့နှင့် ပုံးနှုတ်ခမ်းကို ထိကပ်ထားရန်လိုသည်။ သီးခြားခွာထားပါက လေထုထဲတွင် လျှပ်စစ်မီးပွား (spark) ဖြစ်ပြီး ပေါက်ကွဲတတ်သည်။ အသုံးပြုသည့် ပုံးများသည် ဓာတ်ဆီထည့်ရန် သီးသန့်ထုတ်လုပ်ထားသော (HDPE) သို့မဟုတ် သံပုံးများကိုသာ အသုံးပြုရမည်ဖြစ်သကဲ့သို့ ဆီကန်တော့သည်လည်း သံကန်တော့ သို့မဟုတ် တည်ငြိမ်လျှပ်စစ်ကာကွယ်ထားသော ဆီကန်တော့များကိုသုံးရန်၊ ဆီပုံးကို အပြည့်မဖြည့်ဘဲ နေရာလွတ်အနည်းငယ်ချန်ထားရန်၊ ဆီပုံးလှယ်စဉ်အနီး၌ လက်ကိုင်ဖုန်းသုံးခြင်း၊ မီးခြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ရန်တို့ကိုလည်း သတိပြုလိုက်နာကြရန်လိုသည်။
စူပါအယ်လ်နီညို၏ သက်ရောက်မှုကြောင့် အပူရှိန်မြင့်မားပြီး ခြောက်သွေ့သောကာလသည် ကြာမြင့်နိုင်မည်ဖြစ်ရာ မီးဘေးအန္တရာယ်ကာကွယ်ရေးကို လူတိုင်းက အလေးအနက်ထားဆင်ခြင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment