Wednesday, October 21, 2026

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တက္ကသိုလ်များသို့ သွားရောက်လေ့လာ

 

နေပြည်တော် အောက်တိုဘာ ၂၀

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တက္ကသိုလ်များသို့ သွားရောက်‌လေ့လာကြသည်။

ဦးစွာ ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် Hanoi University of Science and Technology (HUST) သို့ သွား‌ရောက်လေ့လာရာ တက္ကသိုလ်မှတာဝန်ရှိသူက ကြိုဆိုနှုတ်ခွန်းဆက်စကား‌ပြောကြားပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းက ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့ပြင် Hanoi University of Science and Technology (HUST) မှ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်၏သမိုင်း‌ကြောင်းနှင့် ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တက္ကသိုလ်အတွင်းရှိ ပညာရေး၊ နည်းပညာ၊ ယဉ်ကျေးမှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သည့်ဌာနများနှင့် နည်းပညာဆိုင်ရာ သုတေသနဆောင်ရွက်‌နေမှုများအား ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ VNU University of Science (VNU-HUS) သို့ရောက်ရှိပြီး ဗီယက်နမ်ကျောင်းသားများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခြင်းများပြုလုပ်ခဲ့ကြပြီး NGUY NHU KON TUM ခန်းမနှင့် ဇီဝဗေဒပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကာ ညနေပိုင်းတွင် သံရုံးကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်အုပ်ချုပ်သူများသည် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် VIN University သို့ရောက်ရှိပြီး တက္ကသိုလ်မှတာဝန်ရှိသူများနှင့် ကြီးကြပ်အုပ်ချုပ်သူများက သီးခြားတွေ့ဆုံရာတွင် တက္ကသိုလ်မှတာဝန်ရှိသူများက နိုင်ငံတကာကျောင်းသား‌ကျောင်းသူများ ပညာလာရောက်သင်ယူမှု၊ ကျောင်း၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဌာနကြီးများဖွဲ့စည်းထားရှိမှု၊ နိုင်ငံတကာကျောင်းသား ကျောင်းသူများ ပညာလေ့လာသင်ယူခွင့် အခြေအနေများနှင့် ပညာသင်ဆုလျှောက်ထားနိုင်သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့ပြင် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးပို့ဆောင်ပေးခဲ့ရာ အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ ခြောက်ရက်ကြာခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သို့ သွားရောက်လေ့လာခဲ့ကြပြီး ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment