Monday, October 5, 2026

လူငယ်တစ်ဦးအနေနဲ့ ကျေးဇူးဆိုတဲ့တန်ဖိုးကို သိပါတယ်။ ကျွန်မတို့ မိဘတွေ မလုပ်ပေးနိုင်တဲ့အရာကို လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဒီကနေ ဦးခိုက်ပါတယ် . . .

 


မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား စက်တင်ဘာ ၂၉ ရက်တွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ တပ်မတော်(ရေ)နှင့် တာဝန်ရှိသူများဦးဆောင်၍ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ဖြင့် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၄၇၆ ဦးတို့ကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။







နေရပ်ပြန်နိုင်ငံသားများအနေဖြင့် အရာရာခြားနားသော ပြည်ပနိုင်ငံတွင် စိုးရိမ်ကြောင့်ကြမှုဖြင့် နေထိုင်ရသည်ထက် အမိနိုင်ငံတွင် အေးချမ်းပျော်ရွှင်စွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား လက်တွဲပါဝင်ရန် စိတ်အားထက်သန်မှုနှင့်အတူ ယခုကဲ့သို့ အမိနိုင်ငံသို့ အပူအပင်ကင်းစွာ ပြန်လည်ရောက်ရှိလာပြီး မိသားစုနှင့်အတူ အိမ်ဟူသော အမိုးရိပ်အောက်၌ အေးအတူပူအမျှ အတူတကွနေထိုင်နိုင်ရန် နိုင်ငံတော်အစိုးရမှ ဖေးမခေါ်ဆောင်လာမှုအပေါ် လှိုက်လှဲဝမ်းသာစွာ ကျေးဇူးတင်ရှိကြသည့် မိဘပြည်သူများနှင့် နေရပ် ပြန်နိုင်ငံသားတို့၏ ရင်ထဲမှ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်-

ကိုသိန်းဌေး(ပန်းတနော်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး)

ကျွန်တော်က နေရပ်ပြန်လာတဲ့ တူလေးကို လာကြိုတာပါ။ မလေးရှားမှာ အလုပ်လုပ်တာ နှစ်နှစ်မြောက်မှာ အဖမ်းခံရပါတယ်။ ထောင်ထဲမှာနေတုန်း ပြည်ပမှာ ဒုက္ခရောက်နေသူတွေကို ပြန်ခေါ်ပေးတဲ့ အစီအစဉ်ရှိတယ်လို့ ဆက်သွယ်ပြောကြားတာ သိလိုက်ရတော့ ဒီကထောက်ခံစာတွေကို အမြန်လုပ်ဆောင်ပြီး တာဝန်ရှိသူတွေဆီကို ပေးပို့ပြီးတဲ့နောက်မှာ အခုလို တူလေးပြန်လာတာကို ကြိုဆိုခွင့်ရတာပါ။ နိုင်ငံတော်သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဒီနေရာကနေ မိမိနိုင်ငံက လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင်ပါတယ်။ ကျန်းမာစွာပြန်လာတယ်သိရတော့ ရင်ထဲမှာ ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ သမ္မတကြီးကျန်းမာပါစေ။

ဦးရဲပိုင်(ထန်းတပင်မြို့နယ်၊ ရန်ကုန်မြို့)

မိသားစုလာကြိုတာက သားဖြစ်သူကိုပါ။ သူ မလေးရှားနိုင်ငံကိုသွားတာ နှစ်နှစ်ရှိပါပြီ။ ဟိုမှာ အဖမ်းခံရလို့ ဒုက္ခရောက်တဲ့အပြင် အလုပ်လုပ်တဲ့အခါ၊ အလုပ်ရှာတဲ့အခါမှာလည်း ဒုက္ခရောက်တယ်လို့ ပြောပါတယ်။ သူတို့ဗီဇာသက်တမ်းကုန်သွားလို့ အဖမ်းခံရပြီး ထောင်သုံးလကျပြီး Camp ထဲမှာ တစ်နှစ်ကျော်သွားပါတယ်။ ပြည်ပကိုထွက်သွားတာ ကျွန်တော်တို့လည်း မသိလိုက်ဘူး။ မိသားစုအဆင်မပြေတော့ သူထွက်သွားတာဖြစ်မယ်။ ပြည်ပကို ထပ်ပြီး လွှတ်ဖို့လည်းမရှိပါဘူး။ မိဘအနေနဲ့ သားကိုမျှော်ရတာ တော်တော်မောပါတယ်၊ အခုလို ပြန်ရောက်လာတာကို ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ အခုလိုပြန်ခေါ်ပေးတဲ့အတွက် မိဘတွေအနေနဲ့ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူးလို့ ပြောချင်ပါတယ်။

မန်လေး(ကန်ပက်လက်)

ကျွန်တော် မလေးရှားမှာ တရုတ်ဘုံကျောင်းမှာ အသုံးပြုတဲ့စက္ကူထုတ်လုပ်တဲ့စက်ရုံမှာ လုပ်တာပါ။ အိမ်အပြန်လမ်းမှာ ရဲကဖမ်းတာခံရတာပါ။ ထိန်းသိမ်းတဲ့နေရာမှာ ကိုးလနေခဲ့ရပြီး အလုပ်မှာ ငါးလကြာခဲ့ပါတယ်။ ထိန်းသိမ်းတဲ့နေရာမှာ မြန်မာတွေ အများကြီးကျန်နေပါတယ်။ မနက်ဖြန်ဟာ ကျွန်တော်တို့အတွက် ဘာကိုမှ မသေချာတော့တဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံက အခုလိုပြန်ခေါ်နေတယ်လို့ ကြားရချိန်မှာ မယုံခဲ့တာအမှန်ပါ။ အခု ကိုယ့်နိုင်ငံကိုပြန်ရောက်ပြီး မိဘဆွေမျိုးတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိ ပျော်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့မြေကို နင်းခွင့်ရအောင်၊ အမိနိုင်ငံရဲ့လေကိုရှူခွင့်ရအောင် ပြန်လာခေါ်ပေးတဲ့ နိုင်ငံတော်အစိုးရ၊ ရေတပ်နဲ့ တပ်မတော်သား အပေါင်းကို အထူးပဲကျေးဇူးတင်ပါတယ်။

မထက်ထက်အောင်(တမူးမြို့)

မလေးရှားနိုင်ငံကို သူငယ်ချင်းတွေနဲ့စုပြီး ဘုရားသုံးဆူလမ်းကနေ သွားခဲ့တာပါ။ ထိုင်းကို ဖြတ်ပြီး မလေးရှားထဲကိုဝင်တာနဲ့ အဖမ်းခံရတာပါ။ ကျွန်မ မလေးရှားနိုင်ငံ ထောင်ထဲမှာ ခြောက်လနေခဲ့ရတယ်။ အခုထိ အိမ်နဲ့အဆက်အသွယ်မရသေးပါဘူး။ Camp နဲ့‌ ထောင်ထဲမှာ အမျိုးသား၊ အမျိုးသမီး မြန်မာနိုင်ငံ သားတွေ အများကြီးကျန်သေးတယ်။ အမျိုးသမီးငယ်တွေ အောက်လမ်းကနေ လုံးဝမသွားစေချင်ပါဘူး။ ငွေရတယ်ဆိုပေမယ့် လူတိုင်းငွေမရဘဲ ဘဝဆုံးတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ဟိုရောက်မှသိရလို့ပါ။ ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး။ အလွန်ဒုက္ခရောက်တဲ့အတွက် လုံးဝမသွားစေချင်ပါဘူး။ လူငယ်တစ်ဦးအနေနဲ့ ကျေးဇူးဆိုတဲ့တန်ဖိုးကို သိပါတယ်။ ကျွန်မတို့ မိဘတွေ မလုပ်ပေးနိုင်တဲ့အရာကို လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဒီကနေ ဦးခိုက်ပါတယ်။ ကျေးဇူးထက်မြင့်တဲ့အရာထက် ကျေးဇူးပိုပြီးတင်ပါတယ်။ သင်္ဘောပေါ်မှာ လိုလေသေးမရှိအောင် ကူညီစောင့်ရှောက်ပေးကြတဲ့ တပ်မတော်သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဟိုမှာ သူငယ်ချင်းတွေ ကျန်ခဲ့သေးတာကြောင့် သူတို့ကိုလည်း ခေါ်ဆောင်ပေးစေလိုပါတယ်။

ကိုဇော်လင်းအောင်(ဇာသပြင်၊ ကရင်ပြည်နယ်)

ကျွန်တော်မလေးရှားနိုင်ငံ Camp ထဲမှာ တစ်နှစ်နီးပါးနေခဲ့ရတယ်။ အခက်အခဲမျိုးစုံနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ မြန်မာနိုင်ငံက ကျွန်တော်တို့ကို လာခေါ်မယ်လို့ ကြားရတဲ့အခါမှာ ကိုယ့်နားကိုယ် မယုံမိပါဘူး။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတာ။ မလေးဆိပ်ကမ်း‌ရောက်လို့ နိုင်ငံတော်အလံနဲ့ တပ်မတော် သင်္ဘောကိုမြင်မိတော့မှ ရင်ထဲကအလုံးကြီးကျပြီး မြန်မာနိုင်ငံကို ပြန်ရပြီကွလို့ အားရဝမ်းသာဖြစ်ရပါတယ်။ ဆိပ်ကမ်းမကပ်မီ ရေလယ်ကတည်းက ဆိပ်ကမ်းမှာ ကြိုဆိုနေတဲ့လူအုပ်ကြီးကို မြင်ရတာဟာ ကျွန်တော်တို့တွေကို နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့ လူငယ်တွေကို တာဝန်ရှိသူတွေနဲ့ မိဘဆွေမျိုးတွေ ကြိုကြတဲ့ပုံမျိုးဆိုရင် ဘယ်လောက်ဂုဏ်ရှိလိုက်မလဲလို့လည်း တွေးမိပြီး နိုင်ငံတော်အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ သင်္ဘော ပေါ်စတက်ကတည်းကနေ ပြန်ဆင်းတဲ့အထိ ကြိုဆိုခဲ့ကြတဲ့ တပ်မတော်သားတွေကိုလည်း ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့ တောင်းပန်အပ်ပါတယ်။ အခုလို ကယ်တင်ပေးတဲ့အ‌ပေါ် ဖခင်ကောင်းပီသတဲ့ သမ္မတကြီးကို အထူးပဲကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်ကျော်လင်းဇော်(တပ်မတော်(ရေ))

ဒီခရီးစဉ်မှာ စစ်ရေယာဉ်(မုတ္တမ)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်)နဲ့ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သုံးစင်းစုဖွဲ့ပြီး သွားခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့ မလေးရှားနိုင်ငံမှာ နေရပ်ပြန်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းကနေ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းအထိ ရေမိုင် ၈၅၀ ကျော်ဝေးပါတယ်။ အသွား၊ အပြန် ၁၁ ရက်ကြာခဲ့ပြီး ယနေ့ပြန်ရောက်ခဲ့ပါတယ်။ ခရီးစဉ်အောင်မြင်ဖို့အတွက် ပထမဆုံး ဆက်သွယ်ဆောင်ရွက်ပေးတာက နိုင်ငံခြားရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။

တပ်မတော်ရေအပြင် လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ တပ်မတော်ဆေးတပ်ဖွဲ့၊ အင်ဂျင်နီယာတပ်ဖွဲ့၊ တပ်ထိန်းတပ်ဖွဲ့တွေပူးပေါင်းမှုနဲ့ လစ်ဟာမှုမရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ စစ်ရေယာဉ်သုံးစင်းမှာ အရာရှိ၊ စစ်သည် စုစုပေါင်းအင်အား ၄၃၂ ဦး လိုက်ပါပြီး လိုအပ်ချက်မရှိအောင် ခရီးစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။ နေရပ်ပြန်တဲ့ နိုင်ငံသားများအနေနဲ့ ဟိုမှာ ရက်ကြာရှည်စွာ ခက်ခဲကြမ်းတမ်းတဲ့ အချုပ်၊ Camp နဲ့ ထောင်တွေထဲမှာ နေခဲ့ရတာကြောင့် သူတို့အတွက် စားရေး၊ သောက်ရေး၊ နေထိုင်ရေးကအစ အဆင်ပြေ အောင်၊ စိတ်လက်ပေါ့ပါးအောင် အားကစားပြုလုပ်ပေးခြင်း၊ တေးသီချင်းများသီဆိုစေခြင်းစတဲ့ စိတ်နှလုံးပျော်ရွှင်အောင် စီမံဆောင်ရွက်ပေးတဲ့အပြင် မြန်မာ့ရေပိုင်နက်ကို စစ်သင်္ဘောစတင် ဝင်ရောက်တာနဲ့ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ မြန်မာ့အငွေ့အသက်ကို ပြန်လည်အမှတ်ရရှိအောင် မုန့်ဟင်းခါးချက်ကျွေးပြီး အစစအရာရာ လိုလေသေးမရှိအောင် ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

တပ်မတော်(ရေ)အနေနဲ့ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ ပြည်သူ့ အကျိုးဆိုရင် ဘယ်သောအခါမှ လက်မနှေး၊ အချိန်မဆိုင်းစေဘဲ ကူညီဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် အခုလိုတာဝန်ထမ်းဆောင်ခွင့်ရရှိမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါတယ်။

ဦးသန်းစိုး (ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးမှူး)

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ပြီးသူတွေကို ပြန်လည်ခေါ်ယူဖို့ နှစ်နိုင်ငံအစိုးရ သဘောတူညီမှုအရ တပ်မတော်(ရေ)က စစ်ရေယာဉ်သုံးစင်းနဲ့ သွားရောက်ခေါ်ဆောင်ရာမှာ လဝက၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေလိုက်ပါပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ကချင်၊ ချင်း၊ ရခိုင်နဲ့ တနင်္သာရီက နိုင်ငံသားတွေကို လေယာဉ်၊ သင်္ဘောနဲ့ ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် ယာယီတည်းခိုရာနေရာတွေမှာ စောင့်ရှောက်ပေးထားပြီး အဲဒီဒေသက ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေက ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ ပြည်ပနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ပေး ခြင်းဟာ ဝမ်းသာဂုဏ်ယူစရာပါ။ ပြန်ရောက်လာတဲ့ နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေအနေနဲ့ လှိုက်လှဲ ဝမ်းသာပျော်ရွှင်နေကြတာကို တွေ့မြင်ရမှာပါ။ နိုင်ငံသားတွေ ပြန်လည်ရောက်ရှိလာအောင် ဆောင်ရွက် ပေးခဲ့ကြတဲ့ တပ်မတော်အပါအဝင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။                  

 အင်တာဗျူး - သစ္စာ(MNA)

ဓာတ်ပုံ - ကနူး/မောင်သီ

No comments:

Post a Comment