ကိုရင်မောင်
မြန်မာနိုင်ငံ၌ ကာလကြာမြင့်စွာကပင် တိုင်းတစ်ပါးမှ အမျိုးမျိုးသောမာယာမျိုးစုံတို့ ပြည့်နှက်နေသည်။ မာယာအမျိုးမျိုးတို့တွင် ခံစားမှုမာယာသည် ကြည်နူးနှစ်သက်စွဲမက်ဖွယ်ကောင်းသဖြင့် လူ့အကြိုက်ဖြစ် သည်။ ခေတ်ပေါ်တေးဂီတဖြင့် ဆိုကြ၊ ကကြ၊ သီဆိုကြဟန်များသည် လူငယ်များအဖို့ စိတ်ဓာတ်ရွှင်လန်း တက်ကြွလန်းဆန်းမှုကို ဖြစ်စေသည်။ သို့သော်မိမိတို့၏ ရှိရင်းစွဲကောင်းမြတ်သည့်အစဉ်အလာများ၊ အကျင့်စရိုက်များ မပျောက်ပျက်ရန် သတိပြုဖို့လိုသည်။
ထိန်းသိမ်းစောင့်ရှောက်
ခံစားမှုမြောက်သည့် အနောက်တိုင်းယဉ်ကျေးမှုက
ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ ကာလအတော်ကြာအောင် လူငယ်လူရွယ်ကြားတွင် လွှမ်းမိုးထားနိုင်ခဲ့သည်။
တိုးတက်ပြောင်းလဲ လာသော ခေတ်ကာလတွင် ခေတ်ရေစီးကြောင်းအလျောက် လိုက်ပါစီးမျောကြရသည်
မှန်သော်လည်း မိမိတို့၏ ကိုယ်ပိုင်အနုပညာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်
လိုအပ်သည်။
ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များ
ပျောက်ပျက်ပါက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအား တန်ဖိုးထား
လိုစိတ်များလည်း ပျောက်ပျက်သွားမည်ဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးလည်းပျောက်ပြီး
နိုင်ငံပါပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု
အနုသုခုမပညာရပ်များ အသီးသီးရှိကြသည်။ အဆိုပါနိုင်ငံများသည် နယ်ပယ်ကဏ္ဍ အသီးသီး၌ ခေတ်နှင့်အညီ
တိုးတက်ပြောင်းလဲနေသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အနုသုခုမပညာရပ်များအား
ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ကို တွေ့နိုင်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်းက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံခရီးစဉ်တွင် တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့က
ကမ္ဘာကျော်တူဗားရိုးရာ လည်ချောင်းသံဖြင့် သံစဉ်ပြုလုပ်သီဆိုရသော ရိုးရာတေးသီချင်းများဖြင့်
သီဆိုဖျော်ဖြေခြင်းနှင့် ရိုးရာတူရိယာပစ္စည်းများဖြင့် ယဉ်ကျေးမှု အဖွဲ့များက တီးမှုတ်သီဆို
ဖျော်ဖြေသရုပ်ဖော် တင်ဆက်ပြသခြင်းတို့ကို ကြည့်ရှုလေ့လာ ခဲ့ကြောင်း ရုပ်သံသတင်းများ၌
ကြည့်ရှုရသည်။ အဆိုတော်တစ်ဦးတည်းက သဘာဝသံစဉ်အမျိုးမျိုးကို အသံတုဖြင့် ဖန်တီးသီဆိုသည့်
ရိုးရာဂီတသည် ထင်ရှားကျော်ကြားသည့် ကမ္ဘာကျော် ရိုးရာတေး ဂီတဖြစ်သည်ဟု မှတ်သားခဲ့ဖူးသည်။
ရုရှားနိုင်ငံတွင် လူမျိုးစုပေါင်းများစွာရှိသလို
လူမျိုးအသီးသီး၏ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အနုသုခုမပညာရပ်များရှိသည်။
၎င်းတို့ကို ယနေ့ထက်တိုင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ တရုတ် နိုင်ငံတွင်လည်း အလားတူပင်
ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့် ထင်ရှားကျော်ကြားသည့် လူမျိုးအသီးသီး၏ အနုသုခုမပညာရပ်များရှိသည်။
တရုတ်ကျေးလက်အကသည် နှစ်ထောင်ပေါင်း များစွာကတည်းက တီထွင်ဖွဲ့စည်းထားသော အကဖြစ်သည်။
တရုတ်နိုင်ငံတွင် ကျယ်ပြန့်စွာပျံ့နှံ့တိုး တက်လာခဲ့ပြီး ပြည်သူလူထု၏ နှစ်သက်ခြင်းကို
ခံခဲ့ရသည်။
အဓွန့်ရှည်တည်တံ့ခိုင်မြဲ
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခိုင်ကျည်သော
နိုင်ငံဖြစ်သည်။ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတို့၏ သီဆိုတီးမှုတ် ကခုန်မှု အနုသုခုမပညာရပ်များသည်
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စတင်ထွန်းကားလာခဲ့သည်။ ပုဂံခေတ်ဦး နံရံဆေးရေး
ပန်းချီများတွင် မြန်မာ့မူဟန် ကခုန်ဟန်များကို ရေးဆွဲထားသည်။ သရေခေတ္တရာခေတ်ဖြစ်သည့်
ပျူခေတ်ကတည်းကပင် ဂီတအနုသုခုမ သဘင်ပညာသည် အထွတ်အထိပ်နေရာတွင်ရှိခဲ့သည်။ အိမ်နီးချင်း
တရုတ်နိုင်ငံသို့ သံတမန်ဆက်ဆံရေးအရ ပျူတေးဂီတအနုသုခုမ ပညာရှင်အဖွဲ့ သွားရောက်တင်ဆက်ခဲ့သည်ကို
တရုတ်ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း၌ လေးစားဂုဏ်ယူစွာ မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။
ထိုစဉ်ကတရုတ်ဘုရင် “တဲကျန်း”၏ နန်းတွင်း အတွင်းဝန် “ကဗျာစာဆို ပေါ်ကျူ ယိ”က ဂန္ထဝင်ကဗျာရှည်တစ်ပုဒ်ရေးဖွဲ့၍
ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။
ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အဆုံးအထိ
မြန်မာ့ယဉ်ကျေး မှုကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ တိုင်းတစ်ပါးလက်အောက်တွင် နှစ်ပေါင်းတစ်ရာကျော်အောင်ရောက်ခဲ့သော်လည်း
မြန်မာ့ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း
အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံခေတ်မီတိုးတက်နေသော်လည်း
ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သည်ကို
တွေ့ရသည်။ နိုင်ငံမည်သို့ပင် ခေတ်မီနေသည်ဖြစ်စေ၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မေ့ပျောက်မထားပေ။
မိမိတို့၏ ရှေးအစဉ်အဆက် ကိုယ်ပိုင်ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို
ထိန်းသိမ်းစောင့်ရှောက် ထားနိုင်သော ကြောင့် အဆိုပါနိုင်ငံများသည် အဓွန့်ရှည်တည်တံ့ခိုင်မြဲ
သာယာဝပြောနေသည်ကို တွေ့ရသည်။
ထိန်းသိမ်းထားနိုင်
ယနေ့ကမ္ဘာတွင်လည်း နည်းပညာများ မြင့်မားလာသည်နှင့်အမျှ
မြေကြော၊ ရေကြောတို့ရှုံ့လာသည်။ ကမ္ဘာ့တစ်နေရာမှတစ်နေရာ အကြောင်းအရာများကို ချက်ချင်းသိလာရသည်။
တစ်နေရာမှတစ်နေရာ ဆက်သွယ်မှု မြန်ဆန်လာသည်နှင့်အမျှ ယဉ်ကျေးမှုအရှိန်အဟုန်သည်လည်း အရှိန်အဟုန်ပြင်းပြင်း
စီးဆင်းနေသလို အရောရော အထွေထွေလည်းဖြစ်လာသည်။ ခေတ်ရေစီးကြောင်းအမျိုးမျိုးတွင် အနုပညာ
ခံစားမှုရေစီးကြောင်းသည် ခံစားမှုမြောက်သလို ဖမ်းစားမှု လည်းပြင်းထန်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှုကို
မေ့ပျောက်၍ တိုင်းတစ်ပါး ယဉ်ကျေးမှု ထိုးဖောက်လာသည်ကို ယနေ့လူငယ်များအကြား၌ တွေ့မြင်နိုင်သည်။
သို့သော် အနောက်တိုင်းယဉ်ကျေးမှုက လွှမ်းမိုးထိုးဖောက်နိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့်
ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ထိန်းသိမ်းကာကွယ်ထားနိုင်သည်ကိုတွေ့ရ၍ ဝမ်းမြောက်မိသည်။
မျက်မှောက်ကာလတွင် သဘင်၊ ဂီတအမျိုးမျိုးရှိသည့်အနက်
ဇာတ်သဘင် အနုသုခုမပညာရပ်အနေဖြင့် မတိမ်ကောသေးဘဲ ဆက်လက်ထွန်းတောက်နေဆဲဖြစ်သည်ကို တွေ့နိုင်သည်။
ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူ စသည့်ဇာတ်သဘင်များအား ပြည်သူလူထု အလွန်အမင်းနှစ်ခြိုက်စွဲလမ်းကြသည်ကိုတွေ့နိုင်သည်။
မြန်မာ့ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသဖြင့် ကျေးဇူးတင်ရမည်ပင်ဖြစ်သည်။
မြန်မာ့ဇာတ်သဘင်ကို နှစ်သက်အားပေးကြသည့်
ပြည်သူလူထု ကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။ ဇာတ်သဘင်ဟူသည် အဆို၊ အတီး၊ အရေး၊ အက အားလုံးပေါင်းစပ်ထားသည့်
မြန်မာ့အနုသုခုမပညာ ပေါင်းစုံပင်ဖြစ်သည်။ ဇာတ်သဘင် တစ်စုတစ်ဖွဲ့၊ ပရိသတ် အင်အားတစ်ခုတည်း
ထိန်းသိမ်းစောင့်ရှောက်ရုံဖြင့် မလုံလောက်သေးပေ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
အနုသုခုမပညာရပ်များ အားလုံးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ကြရမည်ဖြစ်သည်။
စိုးရိမ်ဖွယ်ရာအဆင့်
မျက်မှောက်ကာလတွင် မြန်မာ့ယဉ်ကျေးမှုသည်အားနည်း
လျော့ရဲလာသည်ကတော့ အမှန်ဖြစ်သည်။ အထိန်းအကွပ်မဲ့ အပြုအမူ၊ ဝတ်စားဆင်ယင်မှု လွှမ်းမိုးမှုများကို
တွေ့နိုင်သည်။ အထူးသဖြင့် မျိုးဆက်သစ် အမျိုးသမီးငယ် အသိုက်အဝန်းများတွင် မြန်မာ့ယဉ်ကျေးမှုများ
ပါးလျားနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာဆန်ဆန် မြန်မာ့ ယဉ်ကျေးမှုသနပ်ခါးလိမ်းသည့်
အလေ့အထများ ပျောက်ကွယ်နေပြီဖြစ်သည်။ မြန်မာဆန်ဆန် အင်္ကျီ၊ ထဘီဝတ်ဆင်မှုသည်လည်း ရှားရှား
ပါးပါး ဖြစ်နေသည်။ အနောက်တိုင်းစတိုင်၊ ကိုရီးယားစတိုင်များ အတော်လွှမ်းမိုးနေရာယူနေသည်။
အပြောအဆို၊ အပြုအမူများမှအစ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များပျောက်ကွယ်နေသည်။ ကလပ်တက်၊
ဘားဝင် အရက်သေစာသာမက မူးယစ်ဆေးဝါးများပင် အချို့သုံးစွဲလာ ကြသဖြင့် မြန်မာ့ပုံရိပ်ကို
ထိခိုက်စေနိုင်ပြီး ထိုမှ မြန်မာ့ယဉ်ကျေး မှု ပျောက်နိုင်သည်အထိ စိုးရိမ်ဖွယ်အဆင့်ကို
မြင်တွေ့နိုင်သည်။
စွမ်းအားကြီးသော ယဉ်ကျေးမှုမာယာသည် အချိန်ကာလတစ်ခုမှ
နေရာယူလာခဲ့ပြီး လူမှုဘဝအသိုက် အဝန်းတစ်ရပ်လုံး စုံးစုံးမြုပ် နိုင်သည့် အနေအထားသို့ရောက်လာနိုင်သည်။
အသိတစ်ဖန်ပြန်လည် မမွေးဖွားနိုင်ပါလျှင် ကိုယ်ပိုင်ယဉ်ကျေးမှုပျောက်သည့် နိုင်ငံဘဝသို့ပင်ရောက်ရှိသွားနိုင်သည်။
ထို့ကြောင့် အနုပညာမြတ်နိုးသည့်စိတ်ကို ပညာရေးအကူအညီဖြင့် ရယူနိုင်ပါသည်။ မြန်မာစာ၊
မြန်မာစကားကို ချစ်မြတ်နိုးအောင် လေ့ကျင့်ထားနိုင်ပါသည်။ မြန်မာ့ဂီတ၊ မြန်မာ့ အနုသုခုမပညာရပ်များကို
တန်ဖိုးထား တတ်အောင် အမြဲထိတွေ့နေရပါမည်။ မြန်မာ့ယဉ်ကျေးမှုသည် အဆင့်မြင့်မားလွန်းသည်ကိုယနေ့လူ
ငယ်များ သိရှိနားလည်အောင် ဦးစွာကြိုးပမ်းပြီး ခေတ်မီသောမြန်မာ့ ယဉ်ကျေးမှုထွန်းကားလာအောင်
ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ယနေ့ကာလတွင် မြန်မာ့ဇာတ်သဘင် တစ်ခေတ်ဆန်းသစ်နေသည်ကို ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုရမည်ဖြစ်သည်။
ဖော်ထုတ်ပြသ
မြန်မာ့ယဉ်ကျေးမှု မပျောက်အောင် ပြည်သူအကြိုက်
အနုသုခုမ ပညာရပ်များကို ဖော်ထုတ်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်အစိုးရများက မြန်မာ့ရိုးရာယဉ်ကျေးမှု
အမွေအနှစ်များကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးနေသည်ကိုတွေ့ရမည်။
မြန်မာ့ရိုးရာအနုသုခုမပညာရပ်များတွင် အားလုံးပေါင်းစုံပါဝင်သည့် ပညာရပ်များကို ဖော်ထုတ်ပေးနေမှုသည်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို
ထိန်းသိမ်းဖော်ထုတ်ရန်အတွက် ၁၉၉၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည်။
ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့ယဉ်ကျေးမှု
အနုပညာ အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်နှင့်
ယဉ်ကျေးမှုအနှစ်သာရများကို ဖော်ထုတ်ရန်၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို
ဖော်ထုတ်ပြသရန်နှင့် မျိုးဆက်သစ် အနုပညာရှင်များ ပေါ်ထွက်လာစေရန်အတွက်ဖြစ်သည်။
ပြိုင်ပွဲတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ထိုမှ ဗဟိုအဆင့် (နေပြည်တော်)အထိ တက်လှမ်းနိုင်ရန်
စီစဉ် ကျင်းပခြင်းဖြစ်သည်။ ယခုအခါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို
ကျင်းပလာခဲ့သည်မှာ (၂၇)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းလည်း
နိုင်ငံတစ်ဝန်းမှ မျိုးဆက်သစ်များ၊ ရွက်ပုန်းသီးများ ပေါ်ထွက်လာအောင် အဆိုပါပြိုင်ပွဲ
ကြီးမှ မွေးထုတ်ပေးနိုင်ခဲ့သည်။
၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ယခင်နှစ်များကဲ့သို့ပင် ဝါသနာရှင် (ပထမတန်း)အဆင့်၊
ဝါသနာရှင်(ဒုတိယတန်း) အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ
၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)အဆင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယှဉ်ပြိုင်ရန်လျာထားသည့် ဘာသာ ရပ်များမှာ အဆိုပြိုင်ပွဲတွင် မဟာဂီတ၊ ခေတ်ဟောင်းတေး၊
ကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး တေးသီးချင်ပြိုင်ပွဲတို့ပါဝင်မည် ဖြစ်သည်။
ဆက်လက်ထွန်းကား
အကပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအဆင့်အားလုံး၊
အခြေခံ ကဗျာလွတ်အက၊ ယိမ်းအကပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်ရိုးရာအကပြိုင်ပွဲ၊
ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ဇာတ်တော်ကြီး ပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲနှင့်
ကွက်စိပ်ပြိုင်ပွဲတို့ပါဝင်သည်။ တိုင်းရင်းသားရိုးရာအကနှင့်ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း
တိုင်းရင်းသား ရိုးရာအက တစ်မျိုးစီပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ယခုနှစ်တွင် ကချင် ပြည်နယ်ရှိ
တိုင်းရင်းသားတို့၏ ရိုးရာအကများဖြင့် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ အတီးပြိုင်ပွဲတွင်
မြန်မာ့ရိုးရာတူရိယာ အမျိုးအစားအားလုံးပါဝင်မည်ဖြစ်ပြီး အရေးပြိုင်ပွဲတွင် မြန်မာ့မူဟန်
မြန်မာ့တေး သီချင်းများကို ရေးသားသီကုံးစပ်ဆိုကြမည်ဖြစ်သည်။ ဖော်ပြပါ မြန်မာ့ရိုးရာယဉ်ကျေးမှု
အနုသုခုမပညာရပ်များကို နိုင်ငံတစ်ဝန်းမှ အနုသုခုမဝါသနာရှင်၊ ပညာရှင်များက ဖော်ထုတ်ယှဉ်ပြိုင်နိုင်ခြင်း
သည်ပင် မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မပျောက်ကွယ်ဘဲ ဆက်လက်ထွန်းကားနေသည်မှာ
ပေါ်လွင် နေသည်။
မည်သို့ပင်ဖြစ်စေ ခေတ်မီတိုးတက်ပြောင်းလဲနေသည့်
ယနေ့ကာလ၌ တိုင်းတစ်ပါးယဉ်ကျေးမှု မာယာအမျိုးမျိုး ထိုးဖောက်လွှမ်းမိုး နေချိန်တွင်
မြန်မာတို့၏ ကောင်းမြတ်သည့် ဓလေ့စရိုက်များ မပျက်ယွင်း၊ မပျောက်ပျက်စေရန် ခံစားမှုကိုယ်ခံစွမ်းအားများကို
ထိန်းသိမ်းထားရမည်ဖြစ်သည်။ မျိုးဆက်သစ်များ မိမိတို့၏ ယဉ်ကျေး မှုကို မြတ်နိုးစေရန်ကြိုးပမ်းကြရမည်ဖြစ်သည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ
မပျောက်ပျက်ရေး၊ မြတ်နိုးဂုဏ်ယူဖွယ်ရာ အစဉ်အလာများ မပျောက် ပျက်ရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံပါဝင်သည့်
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပဆင်နွှဲနိုင်ရေး
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် အားပေးကြ ရမည်ဖြစ်ပါသည်။ ။
No comments:
Post a Comment