Sunday, October 25, 2026

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၂၄

နေပြည်တော်ကိုဗဟိုပြု၍ မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်နှင့် တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရမည်းသင်းမြို့ရှိ သီလဝခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ရမည်းသင်းခရိုင်၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရန်နှင့် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်မှတင်ပြသည့် ကိန်းဂဏန်းအချက်အလက်များသည် မှန်ကန်တိကျမှုရှိရန် အထူးပင်အရေးကြီးကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေးနှင့် သီးနှံအထွက်နှုန်းစာရင်းများကို မြေပြင်အခြေအနေမှန် အတိုင်းတိကျမှန်ကန်စွာ ကောက်ယူတင်ပြရန် လိုအပ်ကြောင်း။

စိုက်ပျိုးရေးကဏ္ဍတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည်တို့ကို စနစ်တကျဆောင်ရွက်၍ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းမှာ မူဝါဒမဟုတ်ဘဲ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးမှာ မူဝါဒဖြစ်သဖြင့် အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း ရမည်းသင်းခရိုင်တွင် စပျစ်စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများတွင် သီးထပ်များ စိုက်ပျိုးသွားရန်နှင့် အနည်းဆုံးနှစ်သီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်ပြီး ပို့ကုန်များ တိုးတက်လာစေရေးအတွက်မြေများကို စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ၌ အကျိုးရှိရှိအသုံးချရန်၊ စိုက်ပျိုးရေးကို အခြေခံသော စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသတွင်းဖူလုံမှု ရှိအောင် ဦးစွာဆောင်ရွက်ပြီးပါက ပိုလျှံလျှင် ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ရရှိရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသည့် ဒေသများနှင့် စက်ရုံများကို ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး ကျေးလက်စီးပွားရေးလည်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။

ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို တိုးချဲ့မွေးမြူပြီး ကြက်သား၊ ကြက်ဥ၊ အေးခဲအသားများ ထုတ်လုပ်ခြင်း စသည့် MSME လုပ်ငန်းများကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နို့နှင့် နို့ဆီ/နို့စိမ်း နို့ထွက်ပစ္စည်းများ ပြည်တွင်းဖူလုံမှုရှိစေရေးအတွက် ရမည်းသင်းခရိုင်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဝါအခြေခံစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ပြည်သူများ အသိပညာပေးခြင်းနှင့် စည်းရုံးလှုပ်ရှားဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်မှုရှိစေရန် စက်ရေတွင်းများ တူးဖော်ခြင်း၊ ရေကန်များအတွင်း ရေကြိုတင်ဖြည့်တင်းခြင်းလုပ်ငန်းများနှင့် ရေအရင်းအမြစ် ရေရှည်စီမံခန့်ခွဲမှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်းနှင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့် ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ကင်းတာကျေးရွာရှိ ဒေါက်တာမြတ်စံ၏ ဇီဝကမွေးမြူရေးခြံသို့သွားရောက်၍ ဥစားကြက်ကောင်ရေ ၇၀၀၀၀ နှင့် နို့စားနွားကောင်ရေ ၁၀၃ ကောင် မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာနှင့် နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံ၍ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရေးနှင့် ဒေသထွက်ထုတ်ကုန်များအား အခြားဒေသများသို့ တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ဒေသထွက်စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများအား တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာ သုံးစွဲနိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်သာယာရပ်ကွက်ရှိ ဦးဇော်ဇော် ဝင်း၏ မောနင်းစတားဓာတ်မြေဩဇာနှင့် ရွက်ဖျန်း မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်၍ သီးနှံအမျိုးအစားအလိုက်အသုံးပြုနိုင်သည့် ဓာတ်မြေဩဇာအဆင့်ဆင့်ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချရန် ပြင်ဆင်နေမှုအခြေအနေကိုလည်းကောင်း၊ ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ ဦးစောတင်ထွဋ်၏ ရွှေငါးပျော်ဘွယ်မုန့်ကြွပ်လုပ်ငန်းခွင်သို့ သွားရောက်၍ မုန့်ကြွပ်လုပ်ငန်း ထုတ်လုပ်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချရန် ပြင်ဆင်ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် ရွှေဒါးသာစည်ကျေးရွာရှိ ဒေါ်လှလှနိုင်၏ တိုးပွားကြီးဝါကြိတ် စက်လုပ်ငန်းသို့သွားရောက်၍ ဝါကြိတ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အင်ကြင်းကန်ကျေးရွာအုပ်စုရှိ ကတင်ကန်၊ အမှတ်(၃)မြောင်းမှ ရေတိုးမြှင့်ပေးဝေနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကတင်ကန်ဆည်ရေသောက် ဧရိယာအတွင်းထပ်မံတိုးမြှင့်စိုက်ပျိုး ဆောင်ရွက်မည့် အခြေအနေများနှင့် ရမည်းသင်းခရိုင်အတွင်း ဆည်/ကန်များမှ ရေရရှိရေးဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ရမည်းသင်းမြို့နယ်အင်ကြင်းကန် ကျေးရွာရှိတောင်သူ ဦးခင်မောင်ထွေး၏ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အား သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ရာသီအလိုက် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မား၍ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရေးနှင့် ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ရမည်းသင်းမြို့နယ် ရွာတန်းသဲကျွန်းကျေးရွာအုပ်စုရှိ ဒေါ်နွယ်နီထွန်း၏ စပျစ်ခြံလုပ်ငန်းနှင့် ဦးအုန်းမြင့်၏ Amber အမှတ်တံဆိပ် စပျစ်ဝိုင် ထုတ်လုပ်မှုလုပ်ငန်းများသို့ လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမီ မျိုးကောင်းမျိုးသန့် စပျစ်မျိုးများတိုးချဲ့စိုက်ပျိုးရေး၊ ဝိုင်ထုတ်ကုန်များအား one region one product ထုတ်ကုန်များအဖြစ် တိုးတက်အောင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ထုတ်လုပ်မှုနည်းပညာနှင့် စံချိန်စံညွှန်း အဆင့်မြှင့်တင်ရေး၊ ပြည်တွင်း ပြည်ပဈေးကွက်ချဲ့ ထွင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင်းနားကျေးရွာအုပ်စုရှိ တောင်သူဦးသိန်းအောင်၏ ဝါစိုက်ခင်းသို့ရောက်ရှိစဉ် ဝါစိုက်ပျိုးရာတွင် ပန်းတိုင်အထွက် နှုန်းပြည့်မီစွာ စိုက်ပျိုးရေး၊ ဝါမျိုးစေ့ထုတ်လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးမျိုးကွဲများ မရောနှောစေရေးနှင့် ဝါစိုက်တောင်သူများဈေးကွက် ခိုင်မာစေရန်နှင့် စက်ရုံများအတွက် အရည်အသွေးမီ ကုန်ကြမ်းရရှိစေရန် ပေါင်းစပ်ဆောင်ရွက်သွားရေး တို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကျီးနီကန်အတွင်းသို့ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် လုံလောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဆည်တိုကျေးရွာရှိ ဒေါက်တာကျူခင်္ဂါ၏ နွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment