နေပြည်တော် အောက်တိုဘာ ၂၄
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော် သားများမှ အနာဂတ်၏စစ်ခေါင်းဆောင်များ ဖြစ်လာကြမည့် ဗိုလ်လောင်းများအနေဖြင့် နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်များရှိစေရန်၊ သူရဲကောင်းများ၏ ရဲရင့်ပြတ်သားမှုကို အတုယူ၍ တပ်မတော်၏ သမိုင်းကြောင်း အစဉ်အလာကောင်းများကို လက်တွေ့ကျကျသင်ခန်းစာယူနိုင်စေရန်၊ ဘုရားစေတီပုထိုးများ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဖူးမြော်ခြင်းဖြင့် အမျိုးဘာသာ၊ သာသနာနှင့် အမျိုးသားယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ မိမိတို့နိုင်ငံလူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဂုဏ်ယူတတ်စေရန်နှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၃၀)မှ ဗိုလ်လောင်းများသည် အုပ်ချုပ်သူများ၊ နည်းပြအရာရှိများ လိုက်ပါ၍ အောက်တိုဘာ ၂၃ ရက်မှ ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြကာ တန်ခိုးကြီးဘုရားစေတီတော်များအား လေ့လာဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဗိုလ်လောင်းများသည် အောက်တိုဘာ ၂၃
ရက်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ကြပြီး ဗိုလ်လောင်းများက
နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းကြ သည်။ ထို့ပြင် ဆင်ဖြူတော်ဆောင်သို့ သွားရောက်၍
ရတနာဆင်ဖြူတော်များကို ဆင်စာများကျွေးကာ ကုသိုလ်ယူကြသည်။ ထို့နောက် နိုင်ငံတော်အတွက်
စွန့်လွှတ်စွန့်စားစွာ အသက်ကိုပင် ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံးတုနှိုင်းဖွယ်ရာမရှိသော
ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည့်
အထိမ်း အမှတ်ဗိမာန်တစ်ခုဖြစ်သော သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်လေ့လာဂါရဝပြုခဲ့ကြသည်။
ထို့နောက် နက္ခတ်တာရာပြခန်း (နေပြည်တော်) သို့ သွားရောက်လည်ပတ်လေ့လာကြည့်ရှုကြသည်။
ဆက်လက်ပြီး တပ်မတော်စစ်သမိုင်းပြတိုက်
(နေပြည်တော်)သို့ သွားရောက်၍ မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်မှအစပြု၍
ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ်တန်ဆာပလာ အသုံးအဆောင်များ၊ တပ်မတော်
(ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များနှင့် ပြတိုက်အတွင်း ပြခန်းဆောင်များ၊ လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးများ၏
ပြခန်း၊ ပြကွက်များအလိုက် ခင်းကျင်းပြသထားမှုများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက
ဗိုလ်လောင်းများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားသည်။
အလားတူ ယနေ့တွင်လည်း ဒက္ခိဏသီရိမြို့နယ်
ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက်
ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်လေ့လာကြရာ
ဂေါပကများနှင့် တာဝန်ရှိသူများက ဘုရားကြီး၏သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားပြီး
ဗိုလ်လောင်းများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ထို့နောက်
ဗိုလ်လောင်းများက နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ဗိသုကာလက်ရာများဖြင့်
ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ
စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဗိုလ်လောင်းများသည် အုပ်ချုပ်သူများ၊
နည်းပြအရာရှိများနှင့်အတူ အမျိုးသားပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြပြီး
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော် ဗုဒ္ဓဂယာ (နေပြည်တော်)
သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များကို သွားရောက်လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း
သိရသည်။
(၁၀၀)

No comments:
Post a Comment