မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၊ ဘာသာစကားများနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများ မတူကွဲပြားစွာတည်ရှိနေသည့် နိုင်ငံဖြစ်သည်။ အဆိုပါ မတူကွဲပြားမှုများသည် နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို ကြွယ်ဝစေပြီး တန်ဖိုးရှိသည့် အရင်းအမြစ်များလည်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုများကို ခိုင်မာစွာတည်ဆောက်ကြရန်လိုအပ်သည်။ တိုင်းရင်းသားပြည်သူအချင်းချင်း အယူအဆကွဲပြားမှု၊ အထင်အမြင်လွဲမှားမှုများသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး အကျိုးဆက်အနေဖြင့် ပဋိပက္ခများဖြစ်ပွားလာကာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုနှင့် ပြည်ထောင်စုပြိုကွဲမှု ဖြစ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သလို နယ်မြေဒေသများအလိုက် တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှုသည် အဓိကအရေးကြီးသော လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုအားနည်းသည့်အခါတွင် တိုင်းတစ်ပါးလက်အောက် သို့ကျရောက်၍ ဆုတ်ယုတ်နစ်မွန်းကြောင်း တွေ့ရသည်။ ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ခက်ခက်ခဲခဲကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
ရရှိထားသောလွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမသွားရအောင်၊ တည်ဆောက်ထားသော ပြည်ထောင်စုကြီးမပြိုကွဲသွားအောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ မိမိလူမျိုး၊ မိမိဘာသာစကား၊ ယဉ်ကျေးမှုကို လေးစားမြတ်နိုးတန်ဖိုးထားသကဲ့သို့ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမလူမျိုးများကို လေးစားတန်ဖိုးထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလိုအပ်ချက်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံကို တစ်နေရာတည်းတွင် တစ်ပြိုင်နက်တည်း တွေ့ကြုံနိုင်ရေးသည် အလွန်ရတောင့်ရခဲသော အခွင့်အရေးကြီးဖြစ်သည်။ ဤအခွင့်အရေးကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တွင် တစုတစည်းတည်းတွေ့နိုင်သည်။ ငါးနှစ်ကြာ အတူတကွပညာသင်ယူရင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုများရရှိကြကာ ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူတည်ဆောက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ငါးနှစ်ကြာ ပညာဆည်းပူးပြီးနောက်တွင်လည်း ကျရာဒေသများတွင် တိုင်းရင်းသားပြည်သူများအကြား ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့်စည်းလုံးညီညွတ်မှုများ တိုးပွားလာအောင် စံနမူနာပြဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားလူငယ်များသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်နုပျိုကြသည်။ စိတ်ဓာတ်အားဖြင့်လည်း နိုးကြားတက်ကြွကြသည်။ အနာဂတ်တွင် နေရာအသီးသီး၊ ဌာနအသီးသီး၌ ခေါင်းဆောင်ကောင်းများအဖြစ် ရပ်တည်ပြီးနောက် ပြည်ထောင်စုစိတ်ဓာတ်များ ဆက်လက်ပြန့်ပွားအောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုကြီးအတွင်းမှ ပြည်ထောင်စုလူငယ်များသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာပြန့်ပွားအောင် တည်ဆောက်ထားပြီးသူများဖြစ်၍ တစ်ဦးနှင့်တစ်ဦး ပိုမိုသိရှိနားလည်လာအောင်၊ ပိုမိုစည်းလုံးညီညွတ်လာအောင်၊ ပိုမိုခင်မင် ရင်းနှီးလာအောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဆိုလျှင် ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့စာပေမှ ငါ့စာပေ၊ ငါ့ယဉ်ကျေးမှုမှ ငါ့ယဉ်ကျေးမှုစသည့် ကျဉ်းမြောင်းသော အယူအစွဲများ လည်း ကင်းပျောက်သွားနိုင်မည်ဖြစ်သည်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ဖော်များဖြစ်ကြသော အခြားညီနောင်တိုင်းရင်းသားတို့ကို တန်ဖိုးထားတတ်၊ လေးစားမြတ်နိုးတတ်၊ သည်းခံခွင့်လွှတ်တတ်သော စိတ်ဓာတ်များ ကိန်းအောင်းလာမည်ဖြစ်သည်။ သိမ်မွေ့နူးညံ့လှသည့်ဤအရေးကို ဇွဲကောင်းကောင်းနှင့် လုပ်ဆောင်သွားမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးအချင်းချင်း ဥမကွဲသိုက်မပျက် ထာဝရချစ်ကြည် စည်းလုံးမှုအတွက် ရေရှည်အထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment