Sunday, October 25, 2026

ယဉ်ကျေးမှုများအပေါ် လေးစားတန်ဖိုးထား

 


ယဉ်ကျေးမှုဟူသည် လူမျိုးတစ်မျိုး သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခု၏ မွေးဖွားသည်မှ သေဆုံးသည်အထိ ဘဝတစ်လျှောက်လုံးတွင် ကျင့်သုံးကြသော လူနေမှုစနစ်၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်စားသောက်မှုပုံစံ၊ အတွေးအခေါ်၊ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများ အားလုံးကို ခြုံငုံခေါ်ဆိုခြင်းပင်ဖြစ်သည်။

ယဉ်ကျေးမှုတွင် လူတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ပြုမူပြောဆို နေထိုင်လှုပ်ရှားမှုများပါဝင်သကဲ့သို့ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ အနုပညာလက်ရာများ၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းလာခဲ့သည့် အလေ့အထများ၊ တန်ဖိုးထားမှုနှင့် ယုံကြည်မှုများလည်းပါဝင်လျက်ရှိရာ မြင်တွေ့နိုင်သော ဒြပ်ရှိယဉ်ကျေးမှုနှင့် မမြင်မတွေ့နိုင်သော ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ ခွဲခြားမှုလည်း ရှိသည်။

ယဉ်ကျေးမှုသည် လူတစ်ဦးချင်းအတွက်ရော၊ လူမျိုးနှင့် နိုင်ငံအတွက်ပါ လွန်စွာအရေးကြီးသည်။ လူမျိုးတစ်မျိုး၏ အမှတ်အသား၊ အသက်ဝိညာဉ်ဖြစ်သည့်အလျောက် ယဉ်ကျေးမှုပျောက်ကွယ်ပါက လူမျိုး၏ မူလဇာစ်မြစ်နှင့် ဝိသေသလက္ခဏာများ ပျောက်ကွယ်သွားတတ်သည်။ ယဉ်ကျေးသည့် ကိုယ်၊ နှုတ်၊ စိတ်သုံးပါးသော အမူအရာတို့က လူအချင်းချင်းဆက်ဆံမှုတွင် ပဋိပက္ခများကို လျှော့ချပေးပြီး လေးစားမှု၊ ချစ်ခင်မှုနှင့် ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့ အစည်းကိုဖြစ်ပေါ်စေသည်။ ဘိုးဘွားအစဉ်အဆက် ကျင့်သုံးလာခဲ့သော ကောင်းမွန်သည့် ဓလေ့ထုံးတမ်းများ၊ စံတန်ဖိုးများနှင့် အသိပညာများသည် နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးသည့် ယဉ်ကျေးမှုအမွေများပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အသိမ်မွေ့ဆုံးသော အစိတ်အပိုင်းဖြစ်သည့် ယဉ်ကျေးမှုကို ထိုးဖောက်ဖျက်ဆီး ခံရပါက နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများကိုပါ အလွယ်တကူ ထိခိုက်ပျက်စီးစေနိုင်သည်။

မိမိတို့နိုင်ငံသည် သမိုင်းကြောင်းရှည်လျားသည့် နိုင်ငံဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးများလည်း ၁၃၅ မျိုးရှိနေရာ ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ လွန်စွာပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ ခေတ်စနစ်နှင့် စံတန်ဖိုးများ ပြောင်းလဲသည်နှင့်အမျှ ယဉ်ကျေးမှုများသည်လည်း လိုက်ပါပြောင်းလဲတတ်သည့် သဘောရှိရာ မိမိတို့၏ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုများကို မပျောက်မပျက်အောင် ထိန်းသိမ်းကြရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်တိုးတက်လာစေရန်အတွက်လည်း အရိုးပေါ် အရွက်မဖုံးစေဘဲ မြှင့်တင်ပေးကြရမည်ဖြစ်သည်။

လူ့အဖွဲ့အစည်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်ဆံမှုများ ရှိကြသည့်အလျောက် ယဉ်ကျေးမှုများ အပြန်အလှန်ကူးလူးဖလှယ်ခြင်း (Cultural Exchange) ဟူ၍ ရှိသော်လည်း ယဉ်ကျေးမှုခိုးယူခြင်း (Cultural Appropriation)မှာမူ ပြဿနာရှိသည်။ လူမျိုးစု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုက အခြားလူမျိုးစုများ၏ ရိုးရာဝတ်စုံ၊ ထုံးဖွဲ့ဆင်ယင်မှု၊ အနုပညာ၊ ဘာသာရေးသင်္ကေတစသည့် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ၎င်းတို့၏ သမိုင်းကြောင်း၊ အနှစ်သာရနှင့် ရိုးရာဓလေ့တို့ကို လေးစားတန်ဖိုးထားခြင်းမရှိ၊ ခွင့်ပြုချက်မရဘဲ ကိုယ်ကျိုးအတွက် ယူငင်အသုံးပြုခြင်းသည် ယဉ်ကျေးမှုခိုးယူခြင်းပင်ဖြစ်သည်။

ယဉ်ကျေးမှု ခိုးယူခြင်း၏ အဓိကပြဿနာများတွင် ယုံကြည်ကိုးကွယ်မှုအရ အထွတ်အမြတ်ထားသော၊ လေးနက်သည့် အဓိပ္ပာယ်ရှိသော သင်္ကေတများကို ဖက်ရှင်၊ အလှဆင်ပစ္စည်း၊ ပျော်ပွဲရွှင်ပွဲ ဝတ်စုံသက်သက်အဖြစ် အပေါစားဆန်ဆန်သုံးစွဲခြင်း၊ ယဉ်ကျေးမှု၏ မူလပိုင်ရှင်တို့သည် အကျိုးအမြတ် သို့မဟုတ် အသိအမှတ်ပြုမှု တစ်စုံတစ်ရာ မရရှိဘဲ အခြားသူများက ၎င်းတို့၏ ရိုးရာအနုပညာကို ခိုးယူ သို့မဟုတ် အတုယူကာ စီးပွားဖြစ်ရောင်းချပြီး အကျိုးအမြတ်ရယူခြင်း၊ မူလလူမျိုးတို့ သုံးစွဲခြင်း/ဝတ်ဆင်ခြင်းတို့ ပြုလုပ်စဉ်က ကဲ့ရဲ့ရှုတ်ချခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ ခံရသော်လည်း လွှမ်းမိုးမှုရှိသည့် လူမျိုးစုများက ယူငင်သုံးစွဲသည့်အခါတွင် ထူးခြားသည်၊ ဖက်ရှင်ကျသည် စသည်ဖြင့် ချီးကျူးခံရခြင်း စသည်တို့ ပါဝင်သည်။

လူမျိုးစုတစ်ခု၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် သင်္ကေတတို့ကို အသုံးမပြုမီ ယင်း၏သမိုင်းကြောင်းနှင့် ကန့်သတ်ချက်တို့ကို ရှာဖွေလေ့လာရန်လိုပြီး ယင်းအပေါ်တွင် အလေးအနက်ပြုရန်၊ လေးစားရန်လိုသည်။ ရိုးရာယဉ်ကျေးမှုကို ဖန်တီးပိုင်ဆိုင်ခဲ့သည့် မူလပိုင်ရှင် လူမျိုးများကို အသိအမှတ်ပြုရန်နှင့် ထိုက်တန်စွာ ဂုဏ်ပြုဖော်ပြ ပေးရန်လည်းလိုသည်။ သို့မှသာ အခြားလူမျိုးစုတို့၏ ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားရာ ရောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သော ယဉ်ကျေးမှုတို့အပေါ် အမြတ်ထုတ်ခြင်း၊ မူလအဓိပ္ပာယ် သို့မဟုတ် သမိုင်းကြောင်း လျစ်လျူရှုခြင်း၊ မူလပိုင်ရှင်လူမျိုးကို အသိအမှတ်ပြု၊ ဂုဏ်ပြုမှုကင်းမဲ့ခြင်းအားဖြင့် ယဉ်ကျေးမှုခိုးယူခြင်းတို့ကို ယဉ်ကျေးသူတိုင်းက ဝိုင်းဝန်းဆန့်ကျင်ကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment