နေပြည်တော် အောက်တိုဘာ ၂၄
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတုတ္ထရက် ယှဉ်ပြိုင် နေမှုများကို ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုး၊ အဖွဲ့ဝင်များနှင့်အတူ နေပြည်တော် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌
ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီး ကဗျာလွတ်အကပြိုင်ပွဲတွင်
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၏ လှပသေသပ်လှသည့် မြန်မာ့ရိုးရာကကွက်၊
ဟန်ပန်အမူအရာများကို ပိုင်နိုင်သွက်လက်တက်ကြွစွာဖြင့် ကပြယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊
အမျိုးသားပြတိုက် (နေပြည်တော်)၌ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား
ပတ္တလားအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များက
ထိပ်တင်ဧကံ(ဝတ်တော်သိမ်း) သီချင်းဖြင့် တစ်ဦးချင်း တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊
အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)
အမျိုးသားဆိုင်းတစ်ဦးချင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များက
ကြောက်ဖွယ့်ဘုန်းတန်း (ကြိုး)သီချင်းဖြင့် တစ်ဦးချင်း တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း
လှည့်လည်ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတသည် ယဉ်ကျေးမှု၊
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း)
ပြိုင်ပွဲတွင် “သုဝဏ္ဏသာမဇာတ်တော်ကြီးဖြင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု တော်ဝင်ရုပ်စုံအမြင့်သဘင်အဖွဲ့က
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့်
တင်ဆက်ကပြ ယှဉ်ပြိုင်နေမှုကို တက်ရောက် ကြည့်ရှုအားပေးသည်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ
မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့်
အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍတွင်
ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဦးတည်ချက်များဖြင့်
ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment