Thursday, October 1, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၃၀

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းပိတ်ဆို့မှုများ ဖြေရှင်းဆောင်ရွက်ပေးရေး၊ School cum shelter များ ပြန်လည်တည်ဆောက်ပေးရေး၊ အိမ်ရာမဲ့များ၏ ဘဝရပ်တည်ရေးနှင့် လူမှုဖူလုံရေးစနစ်ဆောင်ရွက်ပေးနိုင်ရေး၊ အရည်အချင်းပြည့်မီသော ဝန်ထမ်းများ ရာထူးတိုးစာမေးပွဲဖြေဆိုခွင့်ပြုနိုင်ရေး၊ ဆေးရုံအသစ်တည်ဆောက်ပေးရေး၊ အထူးကုဆရာဝန်များခန့်ထားရေး၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးရေး၊ လမ်းများအဆင့်မြှင့် တင်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး၏ ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းပိတ်ဆို့မှုအတွက် ယာဉ်ကြောဆိုင်ရာကိစ္စများကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်မြို့တော်အား Smart City မြို့တော်ကြီးအဖြစ် အကောင်အထည်ဖော်နိုင်ရေး အထောက်အကူဖြစ်စေရန် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (မီးပွိုင့်များ) တွင် အဆင့်မြင့် Controller များ တပ်ဆင်ခြင်း၊ လူကူးမျဉ်းကျား၊ မသန်စွမ်းသူများသွားလာနိုင်သော ပလက်ဖောင်းများ၊ စက်ဘီးလမ်းများ၊ စက်လှေကားပါသော လူကူးခုံးကျော်တံတားများ၊ Underpass များ တည်ဆောက်ပေးထားပြီး ရန်ကုန်မြို့ယာဉ်သွားလာမှုထိန်းချုပ်ရေး ဗဟိုစင်တာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ အမှတ် (၁) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးတို့ ပူးပေါင်း၍ IT နည်းပညာအသုံးပြုပြီး Road Safety၊ Traffic Management နှင့် လုံခြုံရေးဆိုင်ရာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အများပြည်သူဆင်းရဲချမ်းသာမရွေး ခရီးသွားလာရာတွင် လုံခြုံစိတ်ချပြီး စိတ်ချမ်းမြေ့စွာသွားလာနိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူစည်းကမ်းများကို ညီညွတ်မျှတစေရန် ခရီးလမ်းပန်းအဆင်ပြေ တွင်ကျယ်လျင်မြန်စေရန်၊ နိုင်ငံတကာနည်းတူ Smart City မြို့တော်ကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လပွတ္တာမဲဆန္ဒနယ်မှ ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေ၏ လပွတ္တာမြို့နယ်ရှိကိုင်းသောင်၊ ပုံကမာ၊ ရေတွင်းဆိပ်နှင့် ကုန်းကြီးရွာများ၌ School cum shelter လေးလုံး ဆောက်လုပ်မှု ရပ်နားထားသည့်အပေါ် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက လပွတ္တာမြို့နယ်ရှိ Shelter လေးလုံးအနက် ကိုင်းသောင်ကျေးရွာ Shelter သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ Marval Wealth ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ ၂၀ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုတော့ပါသဖြင့် ပြန်လည်အပ်နှံခဲ့သည့်လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီကို ရှာဖွေသော်လည်း လမ်းခရီးဝေးကွာခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်းတို့ကြောင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီမရှိပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း။

ပုံကမာကျေးရွာ Shelter သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် Silver Star Pathein ကုမ္ပဏီမှ ၂၃-၉-၂၀၂၄ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးပြီးနောက် တည်ဆောက်ရေးလုပ်ငန်း အခက်အခဲများရှိပါသဖြင့် အဆိုပါကုမ္ပဏီမှ လုပ်ငန်းရပ်နားမှုတင်ပြခဲ့ရာ တိုင်းဒေသကြီးအစည်းအဝေးအမှတ်စဉ် (၅/ ၂၀၂၆)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်အရ “လုပ်ငန်းပြန်လည်အပ်နှံခွင့်ပြုကြောင်း၊ လုပ်ငန်းများ၏ ပြီးစီးရန်ကျန် လုပ်ငန်းတန်ဖိုးနှင့် PG တန်ဖိုးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ပြန်လည်အပ်နှံခွင့်ပြုကြောင်းနှင့် ကုမ္ပဏီအား (Black list) စာရင်းရေးသွင်းဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့ပါကြောင်း။

ရေတွင်းဆိပ်ကျေးရွာ Shelter သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မဏ္ဍိုင်သစ္စာကုမ္ပဏီမှ ၂၃-၉-၂၀၂၄ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၃၅ ရာခိုင်နှုန်းပြီးစီးပြီးနောက် တည်ဆောက်ရေးလုပ်ငန်း အခက်အခဲများရှိပါသဖြင့် အဆိုပါကုမ္ပဏီမှ လုပ်ငန်းရပ်နားမှုတင်ပြခဲ့ရာ တိုင်းဒေသကြီး အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၆) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်အရ “လုပ်ငန်းသဘောတူစာချုပ်ပါ စည်းကမ်းချက်များအရ လုပ်ငန်းသဘောတူ စာချုပ်ရပ်စဲပြီး ယင်း Shelter အတွက် ၆၅ ရာခိုင်နှုန်း ထုတ်ရန်ကျန်ငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ပြန်လည်အပ်နှံခွင့်ပြုကြောင်း” ဆုံးဖြတ်ခဲ့ပါကြောင်း။

ကုန်းကြီးကျေးရွာ Shelter သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၄၈ ဒသမ ၆၀၀ ဖြင့် Ayar Pioneer ကုမ္ပဏီမှ ၅-၁၀-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးသည့် ငွေထုတ်ယူခဲ့ပြီးနောက် လုပ်ငန်းစာချုပ်အရ သက်တမ်းကျော်လွန်ပြီးဖြစ်သည့်အပြင် မြေပြင်တွင် ဆက်လက်ဆောင်ရွက်ခြင်းမရှိပါသဖြင့် Ayar Pioneer ကုမ္ပဏီအား အမည်ပျက်စာရင်း (Black list) ရေးသွင်း၍ PG ၅ ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် လုပ်ငန်းတန်ဖိုး ၄၀ ရာခိုင်နှုန်းငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့ ပေးသွင်းနိုင်ရေး တင်ပြထားကြောင်း။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဒေသလိုအပ်ချက်အရ တင်ပြလာသည့် လုပ်ငန်းများကို ရန်ပုံငွေပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်များ ရယူဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် အခက်အခဲများကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အစိုးရအဖွဲ့များ၏ တင်ပြချက်အပေါ် ရန်ပုံငွေပြန်လည်အပ်နှံလိုမှုများကိုလည်း ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါရန်ပုံငွေပြန်လည် အပ်နှံသည့်လုပ်ငန်းများ မြေပြင်တွင် ပြီးစီးအောင်ဆောင်ရွက်ရေးမှာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သင့်လျော်သည့် အစီအမံဖြင့် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လပွတ္တာမြို့နယ် (ကုန်းကြီး၊ ပုံကမာ၊ ရေတွင်းဆိပ်) ကျေးရွာများတွင် ဆောက်လုပ်သည့် Shelter သုံးလုံးအား ဒေသပေါက်ဈေးဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၏ အိမ်ရာမဲ့များ၏ ဘဝရပ်တည်မှုနှင့် လူမှုဖူလုံရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အိမ်ရာမဲ့များကို လူမှုဘဝရပ်တည်မှုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများက လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေးဟောပြောခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ချပြရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီး လေလွင့်တောင်းရမ်းသူများ မရှိစေရေးနှင့် ဝင်ငွေရရှိသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ အိမ်ရာမဲ့များအား စနစ်တကျစိစစ်ဆောင်ရွက်ပြီး တည်ငြိမ်သော အိမ်ရာ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် လူငယ်သင်တန်းကျောင်းများ၊ အိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်းများသို့ ပို့ဆောင်ကာ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် အတန်းပညာများ သင်ကြားပေးခြင်းတို့ကိုလည်းကောင်း၊ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံများနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ကိုလည်းကောင်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စားသဘောမျိုးဖြင့် စီးပွားရေးအမြတ်ထုတ်ကာ တောင်းရမ်းစားသောက်ရန် ခိုင်းစေခြင်းခံရသူများအား ကူညီကယ်တင်၍ ထိုသို့ပြုလုပ်ရန် ခိုင်းစေသူများအား ဖော်ထုတ်ကာ ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခြင်းတို့အား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးစောမောင်၏ ကျန်းမာရေးဌာန၏ အောက်ခြေဝန်ထမ်းများ အရည်အချင်းပြည့်မီပါက ရာထူးတိုးစာမေးပွဲဖြေဆိုခွင့် ပုံမှန်ရရှိရေး ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များအား နှစ်စဉ်ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရာထူးတိုးလုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ အရည်အချင်းနှင့်ကိုက်ညီသူ အမှုထမ်းများအား ရာထူးတိုးစာမေးပွဲ စစ်ဆေးခဲ့ပြီး ရုံးအကူ/ လုပ်သား/ သန့်ရှင်းရေး စသည့်အောက်ခြေဝန်ထမ်းများအပါအဝင် အမှုထမ်းစုစုပေါင်း ၂၅၃ ဦးအား ရာထူးတိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ကုသရေးဦးစီးဌာနတွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် ခန့်ထားသော အကူသူနာပြုများအား သတ်မှတ်ထားသောအသက်၊ လုပ်သက်ကာလ၊ ပညာအရည်အချင်းများ ပြည့်မီကိုက်ညီပါက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးသော သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းနှင့် သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းများအား ဝင်ခွင့်လျှောက်ထားနိုင်ပြီး သင်တန်းဆင်းအောင်မြင်ပြီးပါက သူနာပြု၊ သားဖွားဆရာမရာထူးသို့ တိုးမြှင့်ခန့်ထားပေးပါကြောင်း။

ပြည်သူ့ဆေးရုံများနှင့် ဌာနများရှိ သတ်မှတ်အရည်အချင်းနှင့် လုပ်သက်ပြည့်မီသော အမှုထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ရာထူးတိုးမြှင့် ခန့်ထားရေးအစီအစဉ်အား အောက်တိုဘာလတွင် အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီ၍ အရည်အချင်းပြည့်မီသော အမှုထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၏ ငပုတောမြို့နယ် မန်ကျည်းပင်တိုက်နယ်ဆေးရုံ အဆောက်အအုံအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ငပုတောမြို့နယ် မန်ကျည်းပင်တိုက်နယ်ဆေးရုံ အဆောက်အအုံအား ၁၈-၂-၂ဝဝ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၁၆ ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါကြောင်း၊ အဆိုပါအဆောက်အအုံတွင် လူနာဆောင်၊ ခွဲစိတ်ခန်းနှင့် ဓာတ်ခွဲခန်းတို့ပါရှိပြီး ဓာတ်ခွဲခန်းအား ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စံကိုက်ဓာတ်ခွဲခန်းအဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့ကာ ဓာတ်မှန်ခန်းအား အလှူရှင်များက ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ၂၂-၆-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကြံ့ခိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ သားဖွားခန်းနှင့် သားဖွားလူနာဆောင်တို့တွင် Trolley Way ပြုလုပ်ခြင်းမှာ ၁၀၀ ရာခိုင်နှုန်း၊ အရေးပေါ်လူနာဆောင် ပြုပြင်ခြင်းမှာ ၈၀ ရာခိုင်နှုန်း၊ ဓာတ်မှန်ခန်းတွင် Control Room ပြုလုပ်ခြင်းမှာ ၈၀ ရာခိုင်နှုန်း၊ ဓာတ်မှန်ခန်းပြုပြင်ခြင်း ၅၀ ရာခိုင်နှုန်း၊ ဆေးရုံပင်မဆောင်၊ အမျိုးသား/ အမျိုးသမီးလူနာကုသဆောင်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်းတို့မှာ ၉၀ ရာခိုင်နှုန်း၊ ရင်ခွဲရုံ ပြန်လည်တည်ဆောက်မွမ်းမံခြင်း ၂၅ ရာခိုင်နှုန်း၊ ရင်ခွဲရုံသို့ လျှောက်လမ်းပေ ၁၀၀ အရှည်ခင်းခြင်း ၁ဝဝ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အမှိုက်မီးရှို့ဆောင် ပြန်လည်တည်ဆောက်မွမ်းမံခြင်း၊ ဆေးရုံခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့အတွက် ပစ္စည်းများဝယ်ယူထားရှိပြီးဖြစ်၍ ရာသီဥတုအပေါ်မူတည်၍ ပြုပြင်လျက်ရှိပါကြောင်း၊ ခွဲစိတ်ခန်းအတွက် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၏ တမူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအတွက် အထူးကုဆရာဝန်များ ခန့်ထားပို့ဆောင်ရန်၊ လိုအပ်သောဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများအား ပို့ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက တမူးပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ဒေါက်တာထန်ရှန်းခိုင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ အတွေ့အကြုံရင့်ကျက်ပြီး ခွဲစိတ်ကုသမှုများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် လုပ်သက်ရင့် ဆရာဝန်တစ်ဦးဖြစ်ပါကြောင်း၊ တမူးပြည်သူ့ဆေးရုံသည် နေ့စဉ် ပြင်ပလူနာ နှစ်ဦးနှင့် အတွင်းလူနာ ၂၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူးကုဆရာဝန်များအား နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို အရည်အသွေးပြည့်ဝစွာ ပေးအပ်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်နည်းပါးမှုကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန်အတွက် ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးအား ၂ဝ၂၆ ခုနှစ် အောက်တိုဘာလအတွင်း ခန့်ထားပေးသွားမည်ဖြစ်ပြီး နယ်မြေဒေသအခြေအနေနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများအပေါ်မူတည်၍ အထူးကုဆရာဝန်များအား ထပ်မံလျာထားသွားမည်ဖြစ်ပါကြောင်း။

တမူးပြည်သူ့ဆေးရုံသည် ခုတင်-၁၀၀ ဆံ့ ဆေးရုံဖြစ်သဖြင့် ကုသရေးဦးစီးဌာန၊ ဖြန့်ဖြူးရေးဌာနခွဲမှ ဆေးနှင့်ဆေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှတစ်ဆင့် ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တမူးမြို့ ပြည်သူ့ဆေးရုံသို့ ထောက်ပံ့မည့် ဆေးနှင့်ဆေးပစ္စည်းများအား ချင်းတွင်းမြစ်ရေကြောင်းလမ်းဖြင့် ကလေးဝဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ကလေးဝဆိပ်ကမ်းမှ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး ကလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ တမူးမြို့ ပြည်သူ့ဆေးရုံ၏ အစီအစဉ်ဖြင့် သွားရောက်သယ်ဆောင်နိုင်ရန် စီစဉ်ထားပါကြောင်း၊ ကာကွယ်ဆေးကဲ့သို့သော အအေးခန်းတွင် ထားသိုရန်လိုအပ်သောဆေးများအား ကလေးမြို့မှတစ်ဆင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ကလေး)နှင့် ညှိနှိုင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်အိဖြူလွင်၏ ဂန့်ဂေါမြို့ဆေးရုံများ၌ အရေးပေါ်လိုအပ်နေသည့် ဆေးရုံအုပ်နှင့် ဆရာဝန်များ အမြန်ဆုံးစေလွှတ်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မကွေးတိုင်းဒေသကြီး ဂန့်ဂေါပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် ဒေါက်တာဝင်းထိုက်နှင့်အတူ ကျန်းမာရေးဝန်ထမ်း ၁၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက လုပ်ငန်းလိုအပ်ချက်အရ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးသည် နယ်မြေအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ လက်ထောက်ဆရာဝန်တစ်ဦးအား တွဲဖက်တာဝန်ချထားပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ပြန်လည်စေလွှတ်တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဓနုဖြူမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏ ဓနုဖြူမြို့နယ် စခန်းကြီးကျေးရွာရှိ ကြပ်ရိုးကျေးရွာမှ တော်ဖျားအရှေ့ကျေးရွာအထိ ရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်ရှိ တော်ဖျား- ကြပ်ရိုး -အကယ်ကြီး-ဇီးဖျောက် ကျေးရွာချင်းဆက် မြေသားလမ်း သုံးမိုင် ၆ ဒသမ ၅ ဖာလုံရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းစာရင်းတွင်ပါဝင်ခြင်းမရှိပါသဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲခွင့်ရှိသောလမ်းအဖြစ် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြပ်ရိုးအခြေခံပညာမူလတန်းကျောင်းရှေ့မှ တော်ဖျားအရှေ့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှေ့အထိ ရွာချင်းဆက် မြေသားလမ်းသည် နှစ်မိုင် ၆ ဒသမ၂၄ ဖာလုံမှ သုံးမိုင် ၆ ဒသမ ၅ ဖာလုံအထိ အရှည် ပေ ၅၄၅၀ တစ်မိုင် ၀ ဒသမ ၂၆ ဖာလုံရှိပါကြောင်း။

မြေပြင်ကွင်းဆင်းစိစစ်ချက်အရ မြေသားလမ်းဖြစ်သောကြောင့် အချို့နေရာများတွင် လမ်းသားနိမ့်ကျမှုဖြစ်ခြင်း၊ လမ်းချိုင့်ကြီးများ ဖြစ်ပေါ်နေ၍ မိုးတွင်းကာလသွားလာရေး ခက်ခဲလျက်ရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းသည် အကျယ် ၁၇ ပေခန့်သာရှိသော မြေသားလမ်းဖြစ်သည့်အတွက် လမ်းအရှည် တစ်မိုင် ၀ ဒသမ ၂၆ ဖာလုံအား သတ်မှတ်လမ်း အကျယ် ၂၂ ပေ ရရှိရန်အတွက် လမ်းတာပေါင်ချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၄၈၉ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။

ကလေးသူငယ်/ ကျောင်းသား ကျောင်းသူများ ကျောင်းဖွင့်ချိန်ကာလတွင် ချောမွေ့လွယ်ကူစွာ သွားလာနိုင်ရန် ရည်မျှော်၍လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရလည်းကောင်း ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်သို့ ဆောင်ရွက်ရန်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေအကန့်အသတ်အတွင်းမှ ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသော လမ်းပိုင်း တစ်မိုင် ၀ ဒသမ ၂၆ ဖာလုံအား မြေသားတာပေါင်ချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဇီးကုန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းထွန်း၏ ဇီးကုန်းမြို့နယ် အုတ်ဖို-သစ်နဖားပင်-ရေအိုးစင်ကုန်း- သစ်နဖားကျေးရွာချင်းဆက် ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သစ်နဖား- ရေအိုးစင်ကုန်း-သစ်နဖားပင်-သစ်ဖြူကွင်းလမ်းသည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အရှည်နှစ်မိုင် ငါးဖာလုံရှိပြီး ကျောက်ချောလမ်း ငါးဖာလုံနှင့် အမာခံလမ်း နှစ်မိုင်ရှိပါကြောင်း။

လက်ရှိမြေပြင်အခြေအနေမှာ အမာခံလမ်းပိုင်း နှစ်မိုင်တွင် အချို့နေရာများမှာ ပျက်စီးလျက်ရှိပါကြောင်း၊ ကျောက်ချောလမ်းအဆုံး ငါးဖာလုံမှစ၍ မြေသားတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း လေးဖာလုံအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ လယ်ဝေးမြို့နယ် ပတ္တာကျေးရွာရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်သို့ ဆက်သွယ်သောလမ်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ပင်သာ)သို့ ဆက်သွယ်သောလမ်းသည် လမ်းအရှည် သုံးမိုင် နှစ်ဖာလုံရှိ ကတ္တရာလမ်း အမျိုးအစားဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံကွပ်ကဲသောလမ်းဖြစ်ပါကြောင်း၊ အင်ပင်သာကျေးရွာ၊ ရှားချောင်းကျေးရွာနှင့် ပတ္တာကျေးရွာ စသည့်ကျေးရွာ သုံးရွာကို ဖြတ်သန်းဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်းဖြစ်ပါကြောင်း။

အင်ပင်သာကျေးရွာ၊ ရှားချောင်းကျေးရွာနှင့် ပတ္တာကျေးရွာသည် လမ်းဦးစီးဌာနပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ချဉ်းကပ်လမ်း (ကုန်ထုတ်လမ်း) အား အသုံးပြု၍လည်းကောင်း၊ V4 မြို့ပတ်လမ်းမှလည်းကောင်း၊ ရန်မန်းလမ်းဟောင်းမှလည်းကောင်း လယ်ဝေးမြို့သို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေအကန့်အသတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးသန့်ဇော်၏ ကွမ်းခြံကုန်းမြို့နယ် တော်ကေး-ပီလခတ် ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက တော်ကေး-ပီလခတ်ကျေးရွာချင်းဆက်လမ်းသည် အရှည် နှစ်မိုင် ၂ ဒသမ ၆ ဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော Class A အဆင့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းတွင် ကျောက်ချောလမ်း တစ်မိုင် ၂ ဒသမ ၅ ဖာလုံ၊ မြေသားလမ်း တစ်မိုင် ၀ ဒသမ ၁ ဖာလုံရှိပါကြောင်း၊ ကျောက်ချောလမ်း တစ်မိုင် ၂ ဒသမ ၅ ဖာလုံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြေသားလမ်း တစ်မိုင် ၀ ဒသမ ၁ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြေသားတာပေါင်ချဲ့ခြင်း ဆောင်ရွက်လျက်ရှိပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍ ကျောက်ချောလမ်းခင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကျေးလက်လမ်းမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပြီးပါက ရာသီမရွေးသွားလာနိုင်ပါသဖြင့် လတ်တလောတွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

ရွှေဘိုမဲဆန္ဒနယ်မှ ဦးသန်းဝင်းထွန်း၏ ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာ အဝင်လမ်းအား အဆင့်မြှင့်တင်ရန်အတွက် နီးစပ်သောဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ပါရန် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှ ခွန်တောင်းကြီးရွာအဝင်လမ်းသည် ကျောက်လမ်း နှစ်မိုင် သုံးဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော Class A လမ်းဖြစ်ကာ လမ်းဦးစီးဌာနပိုင် ရွှေဘို-ရေဦးလမ်းနှင့် ချိတ်ဆက်ထားရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျေးရွာအစီအစဉ်ဖြင့် ကျောက်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိပျက်စီးနေသည့် ခွန်တောင်းကြီးကျေးရွာ ရွာအဝင်လမ်းအရှည် နှစ်မိုင် သုံးဖာလုံ ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ယခုအခါတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်မှု အခြေအနေမရှိသေးပါသဖြင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပြီးမှသာ ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးနဝမနေ့ကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment