လူ့ဘောင်လောက လူ့အသိုက်အဝန်းတို့ကို အကျိုးကျေးဇူးပြုနိုင်သည့် အသိပညာ၊ အတတ်ပညာများကို အသက်အရွယ်မရွေး ဆည်းပူးလေ့လာနိုင်သည်၊၊ လူ့ဘောင်လောက လူ့အသိုက်အဝန်းကို အကျိုးကျေးဇူးပြုနိုင်သည့် အတွေ့အကြုံဗဟုသုတများကိုမူ အသက်အရွယ်ငယ်ရွယ်သူများထက် အသက်အရွယ်ကြီးရင့်သူ သက်ကြီးရွယ်အိုပုဂ္ဂိုလ်များက ပိုမိုအကျိုးကျေးဇူးပြုနိုင်ပေသည်။ အတွေ့အကြုံဗဟုသုတများသည် ဖြတ်သန်းခဲ့သောဘဝခရီးလမ်း ရှည်ကြာသည်နှင့်အမျှ ရရှိခဲ့သောအကျိုးရလဒ်များ များစွာရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ၏ ဂုဏ်ကျေးဇူးကို လေးစားရိုသေ အသိအမှတ်ပြုကြရမည်ဖြစ်သည်။
အတိတ်ကာလများစွာက
မိမိတို့၏လူမှုဘဝနှင့် အသိုက်အဝန်းကို အကျိုးပြုခဲ့ကြသူများသည် သက်ကြီးရွယ်အိုဘဝသို့ရောက်သည့်အခါ
အထီးကျန်ဆန်သော ဘဝများ၊ တန်းတူရည်တူ မစွမ်းဆောင်နိုင်သောဘဝများမှ အပယ်ခံဘဝများ၊ စွန့်ပစ်ခံဘဝများသို့
ရောက်ကြရသည်။ ထို့ကြောင့် အစိုးရအဖွဲ့အစည်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက ဘိုးဘွားရိပ်သာကဲ့သို့
သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးလာကြသည်။ အာဆီယံနိုင်ငံများနှင့်
အရှေ့အာရှနိုင်ငံများတွင် သက်ကြီးရွယ်အိုပုဂ္ဂိုလ်များအား အိမ်အရောက်စောင့်ရှောက်ခြင်း၊
မိသားစုအခြေပြုစောင့်ရှောက်ခြင်း၊ ဂေဟာငယ်များ တည်ထောင်စောင့်ရှောက်ခြင်း၊ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ခြင်း၊
စေတနာ့ဝန်ထမ်းဘိုးဘွားရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်းတို့ဖြင့် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင်
အစောပိုင်းကတည်းက ခိုကိုးရာမဲ့၊ အားကိုးရာမဲ့သည့် သက်ကြီးရွယ်အိုများကို စေတနာ့ဝန်ထမ်းဘိုးဘွားရိပ်သာများ
ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးခဲ့သည်။ ယခုအခါ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ
ဘိုးဘွားရိပ်သာပေါင်း ၉၄ ခုရှိသည်။ မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ
“သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ရေးအစီအစဉ်” ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီ မွေးဖွားခဲ့သည့် အသက် ၈၅ နှစ်ပြည့်ပြီးသော သက်ကြီးပုဂ္ဂိုလ်များအတွက်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သုံးလပတ် နှစ်ကြိမ် ခြောက်လစာ ထောက်ပံ့ခြင်းကို ကိုယ်တိုင်
သို့မဟုတ် ကိုယ်စားလှယ်၏ဖုန်းထဲသို့ ငွေလွှဲခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပေးမည်ဟု သိရသည်။
ထို့အပြင် အသက်ကြီးသူများကိုယ်တိုင်ဦးဆောင်၍ ထိခိုက်လွယ်အုပ်စုဖြစ်သည့် မသန်စွမ်းသူများ၊
အမျိုးသမီးများဖြင့် ရပ်ရွာအခြေပြု အသက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ ၃၆၈ ဖွဲ့ကို
ရေရှည်ရပ်တည်နိုင်ရေးအတွက် မတည်ရန်ပုံငွေများ ထုတ်ပေးလျက်ရှိသည်ဟုသိရသည်။
ယခုအခါ မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာပေါ်ရှိနိုင်ငံများ၌ သက်ကြီးရွယ်အို အုပ်စုဝင်များ ပိုမိုများပြားလာသည်ကို တွေ့ရသည်။
အသက် ၁၂၀ ကျော်အထိ အသက်ရှည်လာသည့် သက်ကြီးပုဂ္ဂိုလ်များရှိလာပြီး မကြာသေးမီက မြန်မာနိုင်ငံအတွင်း
အသက် ၁၂၀ ကျော်ရှည်သည့် ဘိုးဘွားများအား ဒေသဆိုင်ရာအစိုးရအဖွဲ့များက ထောက်ပံ့ကူညီခဲ့သည်ကို
တွေ့ရသည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ ကာကွယ်စောင့်ရှောက်ရေးကို
ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့်
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းထားသည်။ တတိယအကြိမ်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်း လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်
သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
၂၀၁၆ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေတွင် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို
ပြဋ္ဌာန်းထားသည်။ ၂၀၂၂ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေတွင် သက်ကြီးရွယ်အို
သက်သေခံကတ်ပြားရရှိထားသော သက်ကြီးရွယ်အိုများသည်သာ ဥပဒေအရ သက်သာချောင်ချိခွင့် အခွင့်အရေးများ
ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ကမ္ဘာတစ်ဝန်းတွင်
သက်ကြီးရွယ်အိုဘိုးဘွားများ များပြားလာမှုသည် လူ့အသိုက်အဝန်းတစ်ခုလုံးအတွက် ထူးခြားသောပြောင်းလဲမှုတစ်ရပ်ဟု
မှတ်ယူရမည်ဖြစ်သည်။ လူ့သက်တမ်းပိုရှည်လာခြင်းသည် ယခင်က မရှိခဲ့ဖူးသောအခွင့်အလမ်းများစွာ
ဖန်တီးပေးနိုင်ရန်ဖြစ်သော်လည်း ယခုအခါ ကျန်းမာရေးစနစ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊
လူမှုကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ အိုးအိမ်နှင့် ပြည်သူ့ရေးရာမူဝါဒစသည်တို့သည် လူ့သက်တမ်းတစ်လျှောက်
မည်သို့မည်ပုံအရေးပါလာသည်ကို စဉ်းစားသုံးသပ်ရန်လိုအပ်လာသည်။ ယခု ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ
သက်ကြီးပုဂ္ဂိုလ်များနေ့အတွက် ချမှတ်ထားသော “သက်ရှည် ကျန်းမာခေတ်သစ်ဆီ စနစ်သစ်များဖြင့်
လျှောက်လှမ်းမည်”ဆောင်ပုဒ်နှင့်အညီ တိုးတက်လာသော သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ ကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းစဉ်များကို အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စေတနာရှင်များ ပူးပေါင်း၍
ပိုမိုမြှင့်တင် စောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment