Thursday, October 1, 2026

ကုန်းတွင်းမုန်တိုင်းငယ်ဝင်ရောက်ခဲ့သည့် လမ်းကြောင်းနှင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သည့် နေရာဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ဆောင်ရွက်

 


နေပြည်တော် စက်တင်ဘာ ၃၀

တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များရေးဆွဲကာ ကူညီကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ၍ သဘာဝဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။



ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ မုတ္တမကွေ့ မွန်- တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် စက်တင်ဘာ ၂၇ ရက်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။

အဆိုပါမုန်တိုင်းငယ်သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၈ ရက်တွင် တိုင်းထွာချက်အရ မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်သန်းဝင်ရောက်ခဲ့ရာ ဖြူးမြို့၊ ရေတာရှည်မြို့၊ ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့အကြား၊ ညောင်ဦးမြို့ အနောက်ဘက်တို့မှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ မတူပီမြို့အနီးမှ ဖြတ်ကျော်ကာ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြောက်- အနောက်မြောက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းကြောင်းနှင့် မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည်။

အဆိုပါကုန်းတွင်းမုန်တိုင်းငယ် ဖြတ်သန်းဝင်ရောက်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ ဒေသများနှင့် မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့ရွာများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ လောင်းလုံးမြို့၊ သရက်ချောင်းမြို့၊ ပလောက်မြို့၊ တနင်္သာရီမြို့၊ ဘုတ်ပြင်းမြို့၊ ခမောက်ကြီးမြို့၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် အိုမတွေ့ကျေးရွာ၊ အမရပူရမြို့နယ်၊ ဥယျဉ်တော်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ၊ ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများ၊ လမ်းပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲခြင်း၊ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းအစရှိသည့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံမှုများကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာဒေသများရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရေကျော်ဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသော ကားလမ်းမကြီးများတွင် မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက် လမ်းကြောင်းပြ အမှတ်အသားများ ဆောင်ရွက်ပေးခြင်း၊ မြေပြိုမှုဖြစ်ပေါ်သည့် နေရာများတွင် လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ အများပြည်သူများ ပုံမှန်အတိုင်းသွားလာအသုံးပြုနိုင်ရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းပေးခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေပြန်လည်ကျဆင်းချိန်၌ တင်ကျန်ရစ်သော သစ်ပင်သစ်ကိုင်းများ၊ အမှိုက်များ၊ နုန်းမြေများ ဖယ်ရှားရှင်းလင်းပေးခြင်းအစရှိသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့ရွာများဖြစ်သည့် မွန်ပြည်နယ် မော်လမြိုင်မြို့၊ လှိုင်းဘွဲ့မြို့၊ ဘီးလင်းမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့၊ လှည်းကူးမြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ရေတာရှည်မြို့၊ ပဲခူးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေကျော်ဝင်ရောက်ခြင်း၊ ရေဝပ်ဧရိယာများဖြစ်ပေါ်ခြင်းတို့ မရှိစေရန်အတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ နုန်းမြေများဆယ်ယူခြင်း၊ ရေစီးရေလာကောင်းစေရေး ဆောင်ရွက်ခြင်းတို့ကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် စုဖွဲ့ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအား ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သဘာဝဘေးကျရောက်ချိန်တွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment