မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ရာ ယနေ့တိုင် မချုပ်ငြိမ်းသေးသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ကို အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သော်လည်း လက်နက်ကိုင်နည်းလမ်းဖြင့် အကြမ်းဖက်လုပ်ငန်းများကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်နှင့် ပြည်သူများသာ ထိခိုက်ဆုံးရှုံးနစ်နာမှု များစွာဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိကာလတွင်
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို
အနှောင့်အယှက်ဖြစ်စေရန်၊ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ အရပ်သားပြည်သူများ
အကြောက်တရား ကြီးမားလာစေရန်၊ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာစေရန်နှင့် လူမှုစီးပွားဘဝများ
ထိခိုက်ပျက်စီးမှုဖြစ်စေရန် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်
အဆောက်အအုံများနှင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊
လက်နက်ကြီးများ၊ ဒရော့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အဆင်ခြင်မဲ့ရက်စက်စွာ
ကျူးလွန်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဒေသခံပြည်သူများ သေကျေပျက်စီးရပြီး
အများပြည်သူတို့ အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသည်။
အကြမ်းဖက်သမားများတွင်
NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့နှင့်ဆက်နွှယ်နေသော
အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်
ပြည်သူလူထုအကြောက်တရားဖြစ်ပေါ်ပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်များနှင့်
မသက်ဆိုင်သည့်နေရာများ၊ အပြစ်မဲ့အရပ်သားပြည်သူများ၊ ရဟန်းသံဃာတော်များ၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့်
အရွယ်မရောက်သေးသော ကလေးသူငယ်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရစေရန် အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊
ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာနေသော လမ်းဘေးဝဲ၊
ယာများတွင် မိုင်းထောင်ခြင်း၊ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား
ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ
နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့်ကာလက
ဒေသအချို့တွင် အများပြည်သူအသုံးပြုရန်အတွက် တည်ဆောက်ပေးထားသော လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်ကြီးများ၊
ဓာတ်အားခွဲရုံများကို အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒရော့ဗုံးချတိုက်ခိုက်ခြင်းများကြောင့်
လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး အများပြည်သူတို့၏ လူမှုစီးပွားဘဝများ အခက်အခဲများနှင့်
ကြုံတွေ့ခဲ့ရသည်။ လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍
လျှပ်စစ်ဝန်ထမ်းများက သက်စွန့်ကြိုးပမ်း ပြန်လည်တည်ဆောက် ပြင်ဆင်ပေးခဲ့ရသည်။ ယခုအခါ
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ
အကြမ်းဖက်သမားများက အလစ်အငိုက် ဖျက်ဆီးလျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေးသည်
အများပြည်သူအကျိုးစီးပွားအတွက် အရေးပါသည်ကိုသိပါလျက် အကြမ်းဖက်သောင်းကျန်းသူများက လမ်းများ၊
တံတားများ၊ ရထားလမ်းများအား မကြာခဏဖျက်ဆီးနေသည်ကို တွေ့ရသည်။ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းသည်
မြန်မာနိုင်ငံအထက်ပိုင်းတွင် အရေးပါသည့်လမ်းပိုင်းဖြစ်သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ရပ်နားထားခဲ့ရသည်။ မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက်
ရွာထောင်မှ ဝက်လက် ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်တွင် လေးလကြာ ပြုပြင်ဆောင်ရွက်ခဲ့ရာ
အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ကြုံခဲ့ရသည်။ ဝက်လက်-ရွှေဘိုလမ်းပိုင်းတွင်
တံတားငယ်ငါးစင်း ဖောက်ခွဲဖျက်ဆီးခံရပြီး အဆိုပါလမ်းပိုင်းများတွင် သံလမ်းများ၊ တံတားများ၊
ဘူတာအဆောက်အအုံများ၊ စက်ခေါင်းနှင့်တွဲများ ဖျက်ဆီးခြင်းခံခဲ့ရသည်။ နိုင်ငံတော်အနေဖြင့်
ထိုသို့နှောင့်ယှက်ဖျက်ဆီးမှုကြားမှ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်များ
ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၊
တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊
ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း အများပြည်သူလူထု
အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူများအတွက် တည်ဆောက်ပေးထားသော အခြေခံအဆောက်အအုံများကို
တစိုက်မတ်မတ်ဖျက်ဆီးလျက်ရှိသည့်၊ ဆင်ခြင်တုံတရားနည်းပါးပြီး ရက်စက်ယုတ်မာသည့် အကြမ်းဖက်အဖျက်သမား
သောင်းကျန်းသူများအား ပြည်သူများက နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ
လက်တွဲပြီး ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချ တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment