Sunday, October 4, 2026

စူပါအယ်လ်နီညိုကို ရင်ဆိုင်ကျော်လွှားရေး ကဏ္ဍအသီးသီးအတွက် ကြိုတင်ပြင်ဆင်



 

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတု ဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ယခုနှစ်နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်လာနိုင်သော စူပါအယ်လ်နီညိုဖြစ်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမည်မှာ သေချာသလောက်ရှိနေကြောင်း၊ ၂၀၂၇ ခုနှစ်၊ မတ်လမှမေလအထိ သက်ရောက်မှုများ ဆက်ရှိနေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာမိုးလေဝသဌာနများက ခန့်မှန်းထားကြသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း သိရသည်။ 

မိမိတို့နိုင်ငံ၌ စူပါအယ်လ်နီညိုဖြစ်ပွားချိန်တွင် ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုများကြောင့် ရေကြောင်း၊ လေကြောင်းနှင့် ကုန်းကြောင်းပို့ဆောင်ရေးကဏ္ဍအားလုံးတွင် ကြီးမားသည့် အနှောင့်အယှက်များနှင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ သမိုင်းတစ်လျှောက် ပြင်းထန်သော အယ်လ်နီညိုနှစ်များတွင် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးများ၌ မြစ်ရေသိသိသာသာ စံချိန်တင်ကျဆင်းခဲ့ဖူးသည့် သာဓကများရှိသည်။ ရေမျက်နှာပြင်သည် ပုံမှန်နွေရာသီထက် ပိုမိုနိမ့်ကျသွားတတ်ခြင်းကြောင့် ရေလမ်းကြောင်းများ ကျဉ်းမြောင်းသွားခြင်း၊ မြစ်ကြောင်းတစ်လျှောက် ရေအောက်သောင်ခုံများပေါ်လာပြီး ရေယာဉ်များသောင်တင်မည့် အန္တရာယ်ပိုမိုများပြားလာခြင်း၊ ရေတိမ်သွားခြင်းကြောင့် ကုန်တင်ရေယာဉ်၊ တွဲရေယာဉ်များ ပုံမှန်တင်နေကျ ကုန်တန်ချိန်အတိုင်း အပြည့်အဝ မတင်ဆောင်နိုင်တော့ဘဲ ထက်ဝက်ခန့်အထိ လျှော့ချတင်ဆောင်ရခြင်းတို့ ကြုံတွေ့ရနိုင်သည်။ ရေနည်းနေသည့် ရေလမ်းကြောင်းတွင် ရေနက်သည့် လမ်းကြောင်းကိုရှာဖွေပြီး လွန်စွာသတိထားမောင်းနှင်ရခြင်းကြောင့် ပုံမှန်ခရီးစဉ်ကြာမြင့်ချိန်ထက် နှစ်ဆ၊ သုံးဆ ပိုကြာသွားနိုင်သည်။ ညဘက် ရေယာဉ်ခုတ်မောင်းခြင်း အကန့်အသတ်ဖြစ်ပေါ်နိုင်ပြီး ရေယာဉ်များ ဆိပ်ကမ်းကပ်ရန်၊ ကုန်တင်ကုန်ချပြုလုပ်ရန် အခက်အခဲများဖြစ်နိုင်သည်။

ကျေးလက်ဒေသများတွင် ရေတွင်း၊ ရေကန်များ ရေခန်းခြောက်ပြီး သောက်သုံးရေ လွန်စွာရှားပါးနိုင်သည်။ ဆည်မြောင်းတာတမံများ၊ ရေလှောင်ကန်များ ရေလျော့နည်းကျဆင်းခြင်းကြောင့် စိုက်ပျိုးရေနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရန် ရေလုံလောက်မှုမရှိခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဓာတ်အားထုတ်လုပ်မှု လျော့နည်းသွားခြင်းက အခြားကဏ္ဍများစွာတို့ကို တစ်နွယ်ငင် တစ်စင်ပါဆိုသလို ထိခိုက်မှုများဖြစ်ပေါ်စေနိုင်သည်။ အပူချိန်လွန်ကဲစွာမြင့်တက်မှုကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူလျှပ်ခြင်းနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ ထိခိုက်နိုင်ဖွယ်ရှိသည်။ သောက်သုံးရေရှားပါးမှုနှင့်ဆက်နွှယ်၍ ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများဖြစ်ပွားနှုန်း မြင့်တက်လာနိုင်သည်။ ဆောင်းရာသီနှင့် နွေရာသီတို့တွင် နေ့အပူချိန်များ အလွန်မြင့်တက်လာနိုင်သဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူလျှပ်ခြင်းတို့မှ ကာကွယ်ရန် သန့်ရှင်းသောသောက်သုံးရေကို လုံလောက်စွာ သောက်သုံးကြရန်လိုသည်။

မိုးခေါင်ရေရှားမှုနှင့် အပူချိန်ပြင်းထန်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နိုင်သလို တောမီးလောင်ကျွမ်းမှုအန္တရာယ် ပိုမိုဆိုးရွားလာစေပြီး မူမမှန်သည့်ရာသီဥတုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာနိုင်ခြေရှိသည်။ ကြိုတင်ပြင်ဆင်မှုအဖြစ် ရေလိုအပ်ချက်နည်းပြီး အပူဒဏ်ခံနိုင်သော သီးနှံမျိုးစေ့များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်ပျိုးရေကို လေလွင့်မှုမရှိသည့် နည်းလမ်းများ အသုံးပြုရန်၊ သီးနှံစိုက်ချိန်ကို ရေရရှိနိုင်မှုနှင့် အချိန်ကိုက်ညှိဆောင်ရွက်ရန်၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားတို့ကို ချွေတာသုံးစွဲရန် လိုအပ်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များသည် ရှောင်လွှဲ၍မရဘဲ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာ ပြုလုပ်ထားခြင်းအားဖြင့်သာ ရင်ဆိုင်ကျော်လွှားကြရခြင်းဖြစ်သည့်အလျောက် ကဏ္ဍအသီးသီးတို့တွင် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာအောင် ကြိုတင်ပြင်ဆင်ကာလာမည့် ခြောက်သွေ့ရာသီကာလများအတွင်း စူပါအယ်လ်နီညို၏ သက်ရောက်မှုများကို ရင်ဆိုင်ကျော်လွှားကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment