Sunday, October 4, 2026

ဖလမ်းမြို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 



ဖလမ်း အောက်တိုဘာ ၃

ချင်းပြည်နယ် ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကျင်မွာလ်ရပ်ကွက် တောင်ဇလပ်လမ်း လမ်းဘေးဝဲယာ၌ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် သွားရောက်ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများကို အာဟာရမုန့်များ ပေးအပ်သည်။

ယမန်နေ့ ညနေပိုင်းကလည်း ဒုတိယဝန်ကြီးသည် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအတွက် စေတနာထားကာ အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားကြရန်၊ အစိုးရယန္တရားများ စနစ်တကျလည်ပတ်နိုင်ရန်၊ အခြေခံအဆောက်အအုံများနှင့် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မိုးတွင်းကာလတွင် ပျက်စီးနေသည့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် သွားလာရေးမြန်ဆန်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်မှုကို စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များက လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး၊ ယာယီဆေးရုံ၌ ပြင်ပ လူနာဌာန၊ ယာယီခွဲစိတ်ခန်း ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment