နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၀) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က နိုင်ငံရေးပါတီများအနေဖြင့် ယခင်ကလည်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြားဆက်ဆံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာနှင့် ပတ်သက်သည့်ကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆိုသည်မှာ နိုင်ငံရေးကျင့်စဉ်နှင့် အာဏာခွဲဝေမှုတို့ဖြစ်ကြောင်း၊ နှစ်ဖက်ဆွေးနွေးရာတွင် သဘောတူညီချက်များ ရရှိနိုင်သကဲ့သို့ ဆက်လက်ဆွေးနွေးရမည့်ကိစ္စများလည်း ရှိလာမည်ဖြစ်ပါကြောင်း၊ ယခုလည်း ဖက်ဒရယ်ဆိုင်ရာအချက်များအား ဆွေးနွေးညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားပါသည်။
မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ဖြစ်ရန်လို
ယင်းနောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြင်ဆင်သင့်သည့်အချက်များ ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ခိုင်မာသည့် ပြည်ထောင်စု ဖြစ်ရန်လိုအပ်သကဲ့သို့ လွတ်လပ်ပြီးတရားမျှတသည့် ပြည်ထောင်စုကြီးလည်း ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံးကိုကိုယ်စား ပြုသည့်အတွက် ခိုင်မာအားကောင်းရန်လိုအပ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ရန် လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရှိရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များက ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရများအကြား ဆက်ဆံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ပါတီတွင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး ရပ်တည်ဆွေးနွေးခဲ့ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအား အာဏာခွဲဝေမှုတွင် ဆီလျော်ရန်လိုအပ်ကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှစ်ရပ်၊ လွှတ်တော်သုံးရပ်ရှိသည့်အတွက် ဖက်ဒရယ်ပုံစံဖြစ်ကြောင်း၊ ဖက်ဒရယ်ကိုစဉ်းစားရာတွင် အလွှာအားလုံးပါဝင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား လုပ်ငန်းတာဝန်ကို ရှင်းလင်းစွာ သတ်မှတ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာမူဝါဒများ၊ အမျိုးသားအဆင့်စီမံကိန်းများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအကြား ပထဝီအနေအထား လူဦးရေ၊ စီးပွားရေးနှင့် လူမှုရေးလိုအပ်ချက်အပေါ်အခြေခံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ပြန်လည်ဆွေးနွေး
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းတွင် ပြဋ္ဌာန်းပြီးဥပဒေများ၊ ပြဋ္ဌာန်းရန်ကျန်သည့်ဥပဒေများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့မှ ဆွေးနွေးတင်ပြမှုများအား အကျဉ်းချုပ်ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာစေရေး၊ ညှိနှိုင်းရေးကော်မတီဘက်မှ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍကိုမြှင့်တင်ပါက ထိတွေ့ဆက်ဆံနိုင်သည့်အတိုင်းအတာနှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းစွာသတ်မှတ်ပေးရေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့အနေဖြင့် ပါတီတစ်ခုချင်းစီ၏ သဘောထားများအားဖော်ပြနေခြင်းထက် ပါဝင်ပတ်သက်သည့် နိုင်ငံရေးပါတီအားလုံး၏ အသံကိုထင်ဟပ်နိုင်စေရေး၊ ဆွေးနွေးပွဲအဆင့်တွင်ရပ်တန့်မနေဘဲ မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုသည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရေးတို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ယင်းနောက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ မှတ်တမ်းတင်ပြီးရရှိသော သဘောထားစုစည်းချက်များကို မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဆွေးနွေးပွဲအားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment