Wednesday, October 21, 2026

ကျောင်းသား ကျောင်းသူများ နိုင်ငံချစ်စိတ်ရှိလာစေရေး၊ လောကနီတိများအား သိရှိနားလည်လာစေရေး၊ ယဉ်ကျေးသိမ်မွေ့သောလူသားအရင်းအမြစ်များ တိုးတက်ရရှိလာစေရေးတို့အတွက် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ


နေပြည်တော် အောက်တိုဘာ ၂၀

တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်က တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၇ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ငှက်ပျောတောကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ ၁၅၇ ဦး ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ယိုယွင်းပျက်စီးနေသော ကျောင်းဆောင်ဟောင်းနေရာတွင် ကျောင်းဆောင်သစ်တစ်ဆောင်ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းရှစ်ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၂၂၁၇ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငှက်ပျောတောကွင်း အခြေခံပညာမူလတန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၁၅၇ ဦးရှိပြီး စာသင်ဆောင်များအနေဖြင့် စုစုပေါင်း စာသင်ကျောင်းဆောင်နှစ်ဆောင်ရှိကာ စာသင်ခန်းခြောက်ခန်းဖြင့် သင်ကြားမှုသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၁၀ x ၂၆ ပေ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သည် ပျက်စီးမှုရှိနေသော်လည်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်၍ရနေသည့်အတွက် အကြီးစားပြန်လည်ပြင်ဆင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကျောင်းဆောင်အပြင်တွင် ကျောင်းဆောင် ၁၈ x ၁၂ ပေ သွပ်မိုးထရံကာဖြင့် သင်ကြားနေရသည့်အတွက်ကြောင့် ကျောင်းသားအင်အားအရ လိုအပ်နေသည့် ပေ (၆၀ x ၃၀) RC တစ်ထပ် တိုးချဲ့ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေး ဘတ်ဂျက်ရန်ပုံငွေရရှိမှုအပေါ်မှာ တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ် (၃) ခွန်ထိုင်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းမြို့ အနောက်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား ပေ (၁၄၀x၃၀) RC နှစ်ထပ်ကျောင်း ဆောင်သစ်တစ်ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေးခွင့်ပြုရန်ပုံငွေ ၃၉ ဒသမ ၀၇ သန်းဖြင့် လုပ်ငန်းပေါင်း ၁၅၉ ခုကို လက်ရှိဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပင်လောင်းမြို့အတွက် မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်အစား အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းနှစ်ခုအပါအဝင် လုပ်ငန်းပေါင်း ၁၃ ခု အတွက် ခွင့်ပြုငွေကျပ် ၃၂၉၇ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ မြေဧရိယာသည် ဧက ၁ ဒသမ ၅၀ ကျယ်ဝန်းပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းဆင့် ကျောင်းသား ၅၂၀၊ အလယ်တန်းဆင့် ကျောင်းသား ၇၈၃ ဦး၊ အထက်တန်းဆင့် ကျောင်းသားပေါင်း ၂၉၂ ဦး စုစုပေါင်း ကျောင်းသားပေါင်း ၁၅၉၅ ဦး ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းဆောင် ခုနစ်ဆောင်၊ စာသင်ခန်း ၃၀ နှင့် သင်ကြားသင်ယူမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တန်းခွဲဦးရေအရ လိုအပ်နေသည့် စာသင်ခန်းရှစ်ခန်းစာ ပေ (၁၄၀x၃၀) RC နှစ်ထပ် ကျောင်းဆောင်ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် ပြည်နယ်၏တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဒေါ်ကျင်သိန်း၏ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အငြိမ်းစားယူခြင်းဥပဒေမှ ဝန်ထမ်းနှစ်ပြည့်ပင်စင် လျှောက်ထားခြင်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများဖြစ်သော ပညာရေးဝန်ထမ်းများသည် အသက် (၅၅) နှစ်ပြည့်ပြီး ဝန်ထမ်းလုပ်သက် (၃၀) နှစ်ပြည့်သော်လည်း တင်ပြလျှောက်ထားခွင့် မပြုဖြစ်နေပါသောကြောင့် ဝန်ထမ်းသည် အငြိမ်းစားယူရန်လိုအပ်ပါက ပြည်ထောင်စုအစိုးရမှ လျှောက်ထားခွင့် ပြု/မပြုနှင့် ခံစားခွင့် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်ကဆက်လက်ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၂၂၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါကြောင်း။

အဆိုပါပြင်ဆင်ချက်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၀ ကို ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်သတ်မှတ်ချက်သည် ယင်းဝန်ထမ်း အသက် ၆၂ နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်ဟူ၍ လည်းကောင်း၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) ကို တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှတစ်ပါး အသက် ၆၂ နှစ် ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည်ဟူ၍လည်းကောင်း ဖော်ပြပါရှိပါကြောင်း။

သို့သော် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားနေသည့်ကာလတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် လိုအပ်နေသည့်အတွက်ကြောင့်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ဝန်ထမ်းပြုန်းတီးမှုများ ရှိနေသည့်အတွက်ကြောင့်လည်းကောင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ဝန်ထမ်းအင်အားနည်းပါးနေခြင်း၊ ထပ်မံဖြည့်တင်းရန်လိုအပ်နေခြင်းတို့ကြောင့်လည်းကောင်း၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာသင်ယူမှုရပ်တန့်မသွားစေရန်အတွက်လည်းကောင်း ဝန်ထမ်းလိုအပ်ချက်ကို အစွမ်းကုန်ဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်နေရသည့် ကာလဖြစ်နေသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ခ) ပါ အသက် ၅၅ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၃၀ နှစ် ပြည့်ပါက နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်ဟု ဖော်ပြချက်ပါ နှစ်ပြည့်ပင်စင်နှင့် နည်းဥပဒေခွဲ (ဆ) ပါ လျှော့ပေါ့ပင်စင် ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယာယီရပ်ဆိုင်းထားရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးတင်မောင်ဝင်း၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ များပြားလာသောကြောင့် စာသင်ခန်းမလုံလောက်သည့်အပြင် လက်ရှိသင်ကြားနေသည့် စာသင်ဆောင်များမှာလည်း ပျက်စီးယိုယွင်းနေပါသဖြင့် ပေ (၁၄၀ x ၃၀) RC သုံးထပ်ကျောင်းဆောင်သစ်တစ်ဆောင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းဆင့် ကျောင်းသား ၅၂၄ ဦး၊ အလယ်တန်းဆင့် ကျောင်းသား ၅၄၁ ဦး၊ အထက်တန်းဆင့် ၂၃၇ ဦး စုစုပေါင်း ၁၃၀၂ ဦးရှိပြီး စာသင်ကျောင်းဆောင် ငါးဆောင်နှင့် စာသင်ခန်း ၂၄ ခန်းဖြင့် သင်ကြား သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလောက်အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးနေသည့် ကျောင်းဆောင်တချို့ကို ပြန်လည်ပြုပြင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားနှင့် အတန်းခွဲဦးရေအရ ထပ်မံလိုအပ်နေသည့် စာသင်ခန်းရှစ်ခန်းစာ ပေ (၁၄၀ x ၃၀) RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရန်အတွက် နီးစပ်ရာဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ငွေလုံးငွေရင်း တည်ဆောက်ရေးခွင့်ပြုရန်ပုံငွေကျပ် ၁၁ ဒသမ ၅၉ ဘီလီယံဖြင့် လုပ်ငန်းပေါင်း ၅၄ ခုကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ပညာရေးမှူးရုံး၏ မြေသည် ၀ ဒသမ ၀၆၈ ဧက ကျယ်ဝန်းပါကြောင်း၊ တမူးမြို့နယ် ပညာရေးမှူးရုံးတွင်ရှိသည့် ပေ(၉၀x၃၀) သွပ်မိုးအုတ်ညှပ် တစ်ထပ်အဆောက်အအုံသည် ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်တွင် မီးရှို့ဖျက်ဆီးခြင်းခံရသည့်အတွက် တမူးမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တပင်ရွှေထီးအဆောင်၏ အပေါ်ထပ်တွင် ရုံးလုပ်ငန်းများ ဆောင်ရွက်နေရပါကြောင်း။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ပညာရေးမှူးရုံးတွင် ပေ (၁၀၀ x ၃၀) RC နှစ်ထပ် အသစ်ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးဗိုလ်သိန်းနိုင်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်ဝင်ရောက်လာသော KG တန်း ကျောင်းသားများမှအစပြု၍ မူလတန်းပညာရေးမှာ နိုင်ငံချစ်စိတ်ရှိလာရေး၊ လောကနီတိများအား သိရှိနားလည်လာရေး၊ ယဉ်ကျေးသိမ်မွေ့သော လူသားအရင်းအမြစ်များ တိုးတက်ရရှိလာရေးတို့ကို ဖြစ်ပေါ်စေမည့် ပညာရေးအထူးစီမံချက် (အထူးစီမံချက်) များ ရည်မှန်းဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယဉ်ကျေးသိမ်မွေ့သော လူသားအရင်းအမြစ်များ တိုးတက်ရရှိလာရေးတို့ကို ဖြစ်ပေါ်စေမည့် စာရိတ္တပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် ပြည်သူ့နီတိသဘောတရားများ ထည့်သွင်းရေးဆွဲထားသည့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို Grade - 1 မှ Grade - 11 အထိ ရေးဆွဲပြဋ္ဌာန်းသင်ကြား စေလျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနနှင့် Unicef Myanmar တို့ပူးပေါင်းပြီး ကျောင်းအခြေပြု မူလတန်းကြိုကျောင်းများရှိ ကလေးများအတွက် ပုံပြင်စာအုပ်များ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ မူလတန်းကြို၊ သူငယ်တန်းနှင့် မူလတန်းပညာရေးလုပ်ငန်းများ အားကောင်းလာစေရေးအတွက်လည်း အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ တွင် ထည့်သွင်းရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၃၀ တွင်လည်း ဆက်လက်ထည့်သွင်းပြီး မဏ္ဍိုင် - ၁ အခွင့်အလမ်းနှင့် လူတိုင်းအကျုံးဝင်မှု၊ မဏ္ဍိုင် - ၂ သင်ရိုးညွှန်းတမ်း၊ မဏ္ဍိုင် - ၃ ပညာသင်ကြားသင်ယူမှုနှင့် မဏ္ဍိုင် - ၇ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များအရ သူငယ်တန်းနှင့် မူလတန်း ဆရာ ဆရာမများအတွက် ဆရာလမ်းညွှန်များအပါအဝင် သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများ အခြေခံအဆောက်အအုံများ စွမ်းရည်မြှင့်တင်ရေးသင်တန်းပေးခြင်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းနေအရွယ်လွန်ကလေး လူငယ်များအတွက် ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပမူလတန်းပညာရေးတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ နိုင်ငံချစ်စိတ်ရှိလာရေး၊ လောကနီတိများအား သိရှိနားလည်လာရေး၊ ယဉ်ကျေးသိမ်မွေ့သော လူသားအရင်းအမြစ်များ တိုးတက်လာစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး ပြဋ္ဌာန်းသင်ရိုး ပထမဆင့်တွင် ရုပ်ပြကတ်များဖြင့်လည်းကောင်း၊ ဒုတိယဆင့်တွင် အထွေထွေဘာသာရပ် (စာရိတ္တနှင့် ပြည်သူ့နီတိ) တွင်လည်းကောင်း သင်ကြားပေးလျက်ရှိပါကြောင်း။

သို့ပါ၍ KG တန်း ကျောင်းသားများမှအစပြု၍ ကျောင်းသား ကျောင်းသူများ နိုင်ငံချစ်စိတ်ရှိလာစေရေး၊ လောကနီတိများအား သိရှိနားလည်လာစေရေး၊ ယဉ်ကျေးသိမ်မွေ့သော လူသားအရင်းအမြစ်များ တိုးတက်ရရှိလာစေရေးတို့အတွက် ပိုမိုရေရှည်တည်တံ့ခိုင်မြဲပြီး ထိရောက်အောင်မြင်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဦးဆောင်ပြီး အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး KG ကလေးများအား ပြုစုပျိုးထောင်ပေးလျက်ရှိပြီး ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ယင်းနောက် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းအဖွဲ့)

No comments:

Post a Comment