နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့်တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦး နှင့် မြန်မာနိုင်ငံ သား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ STAR LINK ၄ စုံ၊ ALL IN ONE COMPUTER ၁၇ လုံး၊ LAPTOP ၂ လုံး၊ ဖုန်းမျိုးစုံ ၅၂၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့်လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။







No comments:
Post a Comment