နေပြည်တော် စက်တင်ဘာ ၂
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၂၀ နှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၂၄ ဦးတို့သည် လက်နက်မျိုးစုံ ရှစ်လက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်း များနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ အမျိုးသား ၁၀ ဦး၊ (၇) မိုင်စခန်းမှ အမျိုးသား တစ်ဦး၊ ကြို့ပင်ကောက်မြို့မှ အမျိုးသား တစ်ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး၊ ရွှေတောင်မြို့မှ အမျိုးသား တစ်ဦး၊ ကျောက်ကြီးမြို့မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ကျောက်တံခါးမြို့မှ အမျိုးသား တစ်ဦးတို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ လူငယ်များအား အသိပညာပေးစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA-3 သေနတ် တစ်လက်၊ M 4 သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ BA ၆၃ သေနတ် တစ်လက်၊ လက်လုပ် ပစ္စတိုသေနတ် တစ်လက်၊ လက်လုပ်သေနတ် သုံးလက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ မှန်ပြောင်း တစ်လက်၊ ကျည်အိမ် ခြောက်ခု၊ ကျည်မျိုးစုံ ၂၆၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် လေးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀၀ ၊ လက်လုပ်သေနတ် လေးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ ၊ လက်ပစ်ဗုံး ၁၀ လုံးအတွက် ဆုကြေးငွေကျပ်သိန်း ၃၀၊ မှန်ပြောင်းတစ်လက်အတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၂၄ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် သုံးသိန်းစီဖြင့် ၇၂ သိန်းကျပ် စုစုပေါင်းဆုကြေးငွေကျပ် ၃၂၄ သိန်း နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ အလင်းဝင်ရောက်လာသူများ၏ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment