Thursday, September 3, 2026

အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူ ၁၁၇ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဒီပလိုမာလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများပေးအပ်နိုင်ခဲ့


နေပြည်တော် စက်တင်ဘာ ၂

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတွင် မွေးမြူရေးကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရေးကြိုးပမ်းရာ၌ ကျေးလက်ဒေသအထိ ကွင်းဆင်းဝန်ဆောင်မှုပေးနိုင်သည့် တိရစ္ဆာန်ရောဂါကာကွယ်ကုသရေးဆိုင်ရာ ကျွမ်းကျင်သူများတိုးပွားလာစေရန် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများတက်ရောက်နိုင်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံပညာကို စာတွေ့ကိုးလ၊ လက်တွေ့သုံးလဖြင့် တစ်နှစ်သင်တန်းကို ၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ပေးလျက်ရှိသည်။

သင်တန်းအပတ်စဉ် (၁) နှင့် သင်တန်းအပတ်စဉ် (၂) အထိ သင်တန်းသား သင်တန်းသူ ၁၁၇ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့၍ ဒီပလိုမာလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်သည့် သင်တန်းအပတ်စဉ် (၃) တွင် သင်တန်းသား သင်တန်းသူ ၉၂ ဦး တက်ရောက်သင်ယူလေ့လာလျက်ရှိကြကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာ ထူးမောင်တို့နှင့်အတူ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန် ဆေးကုသိပ္ပံသင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းပြီးဆုံးပါက တိရစ္ဆာန်ရောဂါ ကာကွယ်ကုသ ရေးဆိုင်ရာအတတ်ပညာ ကျွမ်းကျင်သည့်ပညာရှင်ဝန်ထမ်းများအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းသွားကြရန် အားပေးစကားပြောကြားသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအနီးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျဉ်းမပင်မွေးမြူရေးခြံများနယ်မြေ၊ နို့စားနွားမွေးမြူရေးအသုံးချ သုတေသနနှင့်သရုပ်ပြခြံအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်အစာပင် မျိုးထိန်းမျိုးပွားခြင်း၊ ရိတ်သိမ်းသိုလှောင်မှုနှင့် ရေပေးသွင်းစိုက်ပျိုးမှုစနစ်မှန်ကန်ရေး၊ ဌာနပိုင်ခြံများ မြေလပ်များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျစီမံခန့်ခွဲရန်နည်းလမ်းများ၊ ဒေသစားသုံးမှု ဖူလုံပိုလျှံရေးအတွက် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဌာနနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုများနှင့် ဌာနပိုင်မြေနေရာများ အသုံးပြုထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment