Thursday, September 3, 2026

ကယားပြည်နယ်လူငယ်ရေးရာကော်မတီကကြီးမှူး၍ “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

လွိုင်ကော် စက်တင်ဘာ ၂

ကယားပြည်နယ်လူငယ်ရေးရာကော်မတီကကြီးမှူး၍ “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ရှောင်ကြဉ်တိုက်ဖျက်

စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူငယ်များသည် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို ဦးဆောင်ပြောင်းလဲနိုင်သည့် အင်အားစုတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဓိကစွမ်းအားစုဖြစ်သလို အနာဂတ်၏အသက်သွေးကြောလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ သုခ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးစေနိုင်သည့်အတွက် ကာကွယ်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် လူငယ်များအားလုံးက ရှောင်ကြဉ်တိုက်ဖျက်သွားကြရန် ပြောကြားသည်။

အမှာစကားပြောကြား

ထို့အတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်အစိုးအဖွဲ့အတွက် MRTV DTH စလောင်း ၁၅ စုံနှင့် CANAL+ ၁ဝ စုံကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံလည်းကောင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) အတွက် MRTV DTH စလောင်း ၁ဝ စုံနှင့် CANAL+၁ဝ စုံတို့ကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) မှ တာဝန်ရှိသူတစ်ဦးထံလည်းကောင်း ပေးအပ်သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ Moderator အဖြစ် လွိုင်ကော်တက္ကသိုလ် သင်္ချာဌာနမှ ပါမောက္ခ ဒေါက်တာ အေးအေးတင့်ကဆောင်ရွက်ပြီး ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသူများက “လောင်းကစား၏ ဆိုးကျိုးများ၊ ရှောင်ရှားရမည့် နည်းလမ်းများနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်ဆွေးနွေးကြကာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံး၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ နေ့စဉ်ဘဝနှင့်သက်ဆိုင်သည့်ဖြစ်စဉ်များကို အလေးထားဖော်ထုတ်ကာ ဒေသခံများသိရှိလိုက်နာသင့်သည့် အသိပညာပေးအကြောင်းအရာများနှင့်အတူ သတင်းမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်မျှဝေပေးရန်၊ ပြည်သူများအားသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ကြိုးစားလုပ်ဆောင်သွားကြရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံး ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများ၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်နှင့်ပြတိုက်ငယ်တို့ကိုလည်းကောင်း၊ လွိုင်ကော်မြို့ရှိ ရုပ်ရှင်ရုံအဟောင်းကိုလည်းကောင်း၊ လွိုင်ကော်စာပေစာအုပ်အရောင်းဆိုင်ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment