Saturday, September 12, 2026

MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် “Startup Ignite Program 2026” ကျင်းပ

 



နေပြည်တော် စက်တင်ဘာ ၁၁

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) တို့ ပူးပေါင်း၍ MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် “Startup Ignite Program 2026” ကို ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစီအစဉ်တွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေးတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် စမ်းသပ်မည့်အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်မည့် သတ္တိတစ်ခုယူဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌက အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်-၂၀၂၆ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်၍ ဆွေးနွေးမှုအစီအစဉ်များအဖြစ် တာဝန်ရှိသူများက စွန့်ဦးတီထွင်စိတ်ဓာတ်မွေးမြူခြင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့ရန်အခွင့်အလမ်းများ၊ အစပျိုးလုပ်ငန်းစီမံခန့်ခွဲခြင်း၊ အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အတွေ့အကြုံမျှဝေခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးမှုအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အဆိုပါအစီအစဉ်သို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်စွန့်ဦးတီထွင်သူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment