Saturday, September 12, 2026

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတက်ရောက်

 



နေပြည်တော် စက်တင်ဘာ ၁၁

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၉ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အစည်းအဝေး၏ ပူးတွဲသဘာပတိများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူများ သာယာဝပြောရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shivraj Singh Chouhan နှင့် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး H.E. Francisco P. Tiu-Laurel, Jr. တို့က အမှာစကားပြောကြားကြသည်။

အစည်းအဝေးတွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က အတည်ပြုခဲ့သည့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး ASEAN Ministers on Agriculture and Forestry (AMAF) ထုတ်ပြန်ချက်တွင် ပါဝင်သည့် ကမ္ဘာ့မသေချာမရေရာမှုများကြား၌ စားရေရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေးထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ကောင်းမွန်စေရေးအတွက် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများက အမြင်သဘောထားများ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများ၊ ရာသီဥတုဆိုင်ရာအနှောင့်အယှက်များ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စားရေရိက္ခာနှင့် စိုက်ပျိုးရေးသွင်းအားစုဈေးကွက်များ၏ မတည်ငြိမ်မှုများမှ သက်ရောက်လာမည့် အကျိုးဆက်များအပေါ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အဆက်မပြတ်စီးဆင်းမှုကို မြှင့်တင်နိုင်ရေးအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးတို့ကို ပါဝင်ဆွေးနွေးခဲ့သည်။

အစည်းအဝေးဆွေးနွေးမှုများမှ (၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်မူကြမ်းကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထို့ပြင် (၁၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားရန်၊ ကျင်းပမည့် နေ့ရက်နှင့်အချိန်တို့ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများသို့ အသိပေးအကြောင်းကြားသွားရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားသာယာဝပြောရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အာသံဒေါင်းတောင်းတက္ကသိုလ်တို့အကြား ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးနားလည်မှုစာချွန်လွှာတို့အား လက်မှတ်ရေးထိုးနိုင်ရေး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် နည်းပညာဆိုင်ရာအဆိုပြုလွှာငါးခုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့အတူ အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများနှင့် အိန္ဒိယနိုင်ငံစိုက်ပျိုးရေးနှင့် သုတေသနဆိုင်ရာကောင်စီမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ တွေ့ဆုံဆွေးနွေးခြင်း၊ ပုဂ္ဂလိကစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ထို့ပြင် လေ့လာရေးအစီအစဉ်အရ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနဆိုင်ရာတက္ကသိုလ်ရှိ ဖန်လုံအိမ်ဖြင့် စိုက်ပျိုးခြင်း နည်းပညာဆိုင်ရာ ဗဟိုဌာနတွင် အာဟာရရည်အပြန်အလှန်လည်ပတ်စီးဆင်းစေသော မြေမပါဘဲ ရေနှင့်အာဟာရရည်ဖြင့်သာ ဆီးချိုကျန်းမာရေးအတွက် အသုံးဝင်သော အင်ဆူလင်ပင်ကို စိုက်ပျိုးသည့် ခေတ်မီနည်းပညာ၊ လူးဆပ်စိုက်ခင်း၊ ဘာစမာတီစပါးခင်းအပါအဝင် အထွက်နှုန်းကောင်းမွန်စေရေး သုတေသနပြုစိုက်ပျိုးထားသည့် စိုက်ခင်းများ၊ အပင်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မဗေဒဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာလက္ခဏာရပ်များ (Phenotypes) ကို စနစ်တကျတိုင်းတာဆန်းစစ်သည့် အဆင့်မြင့်သုတေသနစင်တာ၊ အပင်အမျိုးမျိုး၏ မျိုးရိုးဗီဇများကို ထိန်းသိမ်းထားသည့် မျိုးစေ့ဘဏ်တို့သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment