တောင်ငူ စက်တင်ဘာ ၁၈
နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန်အတွက် မီဒီယာအခန်းကဏ္ဍမှ တက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မှာကြားသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး အဆိုပါရုံးရှိ တာဝါတိုင်နှင့် ဂြိုဟ်တုစလောင်းများ တပ်ဆင်အသုံးပြုနေမှု၊ မီးစက်ခန်း၊ ထပ်ဆင့်လွှင့်စက်ခန်းအတွင်း ရုပ်မြင်သံကြားနှင့် FM လိုင်းများ အချိန် နှင့်တစ်ပြေးညီ ထပ်ဆင့်ထုတ်လွှင့်ပေးနေမှု၊ ရုပ်သံလိုင်းများ အရည်အသွေးကောင်းမွန်စွာထုတ်လွှင့် ပေးနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာန အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် အဆိုပါရုံးရှိ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များ၊ တောင်ငူခရိုင်ရုံး ရွေ့လျားစာကြည့်တိုက် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများ၊ သုံးဘီးယာဉ်ဖြင့် နယ်လှည့်ဆောင်ရွက်မှု မှတ်တမ်းများ၊ ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင်တွင် စာအုပ်စာစောင်များ ခင်းကျင်းပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ နှစ်(၁၀၀)ကျော်မှ တောင်ငူမှတ်တမ်းဓာတ်ပုံများ၊ Community Centre ရှိ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများနှင့် ကွန်ပျူတာသင်တန်းခန်းမတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတွင် တာဝါနှင့်ဂြိုဟ်တုစလောင်းများ စနစ်တကျတပ်ဆင်ထားရှိမှု၊ ရုပ်မြင်သံကြား နှင့် FM အစီအစဉ်များ ထပ်ဆင့်ထုတ်လွှင့်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများထံသတင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးရန်နှင့် ထုတ်လွှင့်မှုမပြတ်တောက်စေရေး အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကာ အဆိုပါရုံးတွင် နံရံကပ်စာစောင်များထားရှိမှု၊ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)ရှိ Studio- B ၌ နိုင်ငံတော် သံစုံတီးဝိုင်းဖြင့် အာဆီယံဒေသတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံဆိုင်ရာ တေးသီချင်းများ ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment