Saturday, September 19, 2026

ဝါးထုတ်လုပ်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနေ

 

နေပြည်တော် စက်တင်ဘာ ၁၈

ဝါးထုတ်လုပ်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနေသည့်အပြင် ဝါးသည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေ ဖြစ်စေသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူပြုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဦးက ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးအင်ကြင်းခန်းမ၌ ကျင်းပသည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားတွင် ပြောကြားသည်။

ယခုနှစ် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်မှာ “ဝါးကဏ္ဍဘက်စုံမြှင့်တင်ဖို့ နယ်ပယ်သစ်များ ချဲ့ထွင်စို့” “Bamboo Beyond Borders” ဖြစ်ပြီး ဝါးသယံဇာတသည် စီးပွားရေးအရ အကျိုးများစွာ ပေးသည်ကို လူအများသိရှိနိုင်ရန်၊ ဝါးကိုအခြေခံသည့် စက်မှု၊ လက်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝါးကို ရေရှည်တည်တံ့အောင် စနစ်တကျအသုံးပြုနိုင်ရန်နှင့် ပြည်သူများအကြားနိုးကြားသည့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝါးထုတ်ယူရာတွင် သဘာဝတောများမှ ထာဝစဉ်တည်တံ့စေသော စီမံအုပ်ချုပ်မှု နည်းစနစ်များကို အခြေခံပြီးဆောင်ရွက်ရန်၊ အရည်အသွေးကောင်းသည့် ဝါးမျိုးစိတ်များဖြင့် ဝါးစိုက်ခင်းများ စနစ်တကျတည်ထောင်စိုက်ပျိုးသွားရန်၊ ဝါးကိုအခြေခံသည့် MSME လုပ်ငန်းများကို မြှင့်တင်သွားရန်၊ သုတေသန၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပေါင်းစပ်ပြီး အဆင့်မြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်၊ ဝါးစိုက်ပျိုးသူများနှင့် ဒေသခံပြည်သူများအား နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်ပေးသွားရန်လည်း မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝါးသယံဇာတအရင်းအမြစ်များ ရေရှည်ထုတ်လုပ်အသုံးချနိုင်ရေး အထောက်အကူပြုစီမံချက်၊ ဝါးအခြေခံ စက်မှု/ လက်မှု ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးရေး၊ မျှစ်အခြေခံ ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက် မြှင့်တင်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment