Saturday, September 19, 2026

ခမောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်၌ ရေဝင်ရောက်မှုဖြစ်ပွားကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ခမောက်ကြီး ချောင်းရေမြင့်တက်မှုဖြစ်ပွားခဲ့ပြီး ခမောက်ကြီးမြို့ ရပ်ကွက်(၁)အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့် ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ခမောက်ကြီး ချောင်းရေမြင့်တက်မှုကြောင့် ခမောက်ကြီးမြို့အနီး ဘုတ်ပြင်း- ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပေ ၂၀၀ ခန့် ရေကျော်လျက်ရှိသဖြင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး တပ်မတော်သားများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လမ်းကြောင်းပြ အမှတ်အသားများပြုလုပ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ချောင်းရေမြင့်တက်မှု အခြေအနေအား စောင့်ကြည့်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ စောင့်ကြည့်လျက်ရှိသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment