Wednesday, September 2, 2026

တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း လေးယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲတက်ရောက်

 



နေပြည်တော် စက်တင်ဘာ ၁

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (A) ၌ ကျင်းပသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ ပိုက်ကျော်ခြင်း (အမျိုးသမီး) လေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ပိုက်ကျော်ခြင်း (အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ မွန်းလွဲ ၃ နာရီတွင် ပိုက်ကျော်ခြင်း (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) လေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 HD, MRTV Sports Channel နှင့် MRTV Entertain- ment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment