Wednesday, September 2, 2026

ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ

 

ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို ဘက်ထရီရထားစက်ခေါင်းဖြင့် ယနေ့မှ စတင်ကာ ပြေးဆွဲလျက်ရှိသည်။






ရထားခရီးစဉ်တွင် လမ်းကြောင်းတစ်လျှောက်ရှိ ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်နှင့်တိုးကြောင်ကလေး စသည့်ဘူတာများတွင် ဘူတာစဉ်အတိုင်း ရပ်တန့်ပေးသွားမည်ဖြစ်သည်။

ယနေ့စတင်ပြေးဆွဲသည့် ရန်ကုန်-ဒဂုံတက္ကသိုလ်ရထားခရီးစဉ်တွင် ခရီးသွားပြည်သူများနှင့် ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သွားလာရေးပိုမို လွယ်ကူအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး ရထားစီးနင်းမှုများပြားလာပါက ရထားထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန် - တိုးကြောင်ကလေး - ဒဂုံ တက္ကသိုလ်ရထားခရီးစဉ်ကို လိုက်ပါစီးနင်းခဲ့ကြသူများ၏ စကားသံများကို ဖော်ပြ အပ်ပါသည် -

မစွမ်းသီရိစံ ပထမနှစ်၊ စီးပွားရေးဆိုင်ရာသတင်း အချက်အလက်နည်းပညာကျောင်းသူ

အရင်ကတော့ ကျောင်းကို ဖယ်ရီနဲ့ သွားတာပါ။ ဆီဈေးနှုန်းအခြေအနေကြောင့် ဖယ်ရီခကတဖြည်းဖြည်းနဲ့ ဈေးတက်လာတယ်။ အခုရထားက ဈေးနှုန်းလည်း သက်သာတယ်၊ မြန်မြန်လည်းရောက်တယ်။ အဲဒါကြောင့်မို့ ရထားနဲ့ပဲ သွားဖို့ဆုံးဖြတ်ထားတယ်။ ဒီလိုရထားပြေးဆွဲနိုင်အောင် သေချာပြင်ဆင်ပြီး ဆောင်ရွက်ပေးတဲ့အတွက် အခုလို ကျောင်းသား ကျောင်းသူတွေ ကျောင်းလာရတာ အဆင်ပြေအောင် ပြေးဆွဲပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

မောင်မင်းခန့်ကို မဟာအရည်အချင်းစစ်သင်တန်း၊ ကွန်ပျူတာသိပ္ပံ၊ ဒဂုံတက္ကသိုလ်

ကျွန်တော်က နေ့စဉ်ဘတ်စ်ကားနဲ့ ကျောင်းလာတာပါ။ ဒဂုံတက္ကသိုလ်က အသွားအလာများတဲ့အတွက် ဘတ်စ်ကားနည်းနည်းကျပ်တယ်။ အခုရထား ပြေးဆွဲလိုက်ပြီဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ဘတ်စ်ကားနဲ့ သွားချင်တဲ့သူက သွားလို့ရသလို ရထားနဲ့ ချောင်ချောင်ချိချိသွားလို့ရတယ်။ ရထားစီးရတာ အဆင်ပြေပါတယ်။ လက်မှတ်ကတော့ ငွေကျပ် ၅၀၀ နှုန်းနဲ့ ရထား လက်မှတ်ဖြတ်တဲ့နေရာမှာ ဝယ်ခဲ့တာပါ။ အချိန်တွေအများကြီး သက်သာသွားတဲ့အတွက် သက်ရောက်မှုရှိတယ်။ ပိုပြီးတော့ သက်သက်သာသာ ချောင်ချောင်ချိချိနဲ့ သွားလာလို့ရတဲ့အတွက် ရထားပြေးဆွဲပေးတဲ့အပေါ် ဝမ်းသာမိတယ်။

ဒေါက်တာချစ်စိန် ပါမောက္ခချုပ်၊ ဒဂုံတက္ကသိုလ်

အင်မတန်မှ ကောင်းမွန်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေဟာ YBS ကိုသာ အားကိုးပြီး နေ့စဉ်နေ့တိုင်း ကျောင်းအတက်အဆင်းကို ဆောင်ရွက်နေရာကနေ အခုလိုမြန်မာ့မီးရထားက အချိန်မှန်စွာပြန်လည်ပြေးဆွဲပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ၊ ကျွန်တော်တို့ ဆရာ ဆရာမတွေ ဝမ်းသာကျေနပ်ကြပါတယ်။

အခုအထိတော့ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ နေ့သင်တန်း ကျောင်းသား ကျောင်းသူအနေနဲ့ ၅၇၇၀ ရှိပြီး အဝေးသင်ကျောင်းသား ကျောင်းသူအနေနဲ့တော့ ၃၅၀၀၀ ကျော်ရှိပါတယ်။ နေ့သင်တန်း ကျောင်းသား ကျောင်းသူတွေလာမယ့် စက်တင်ဘာလမှာ စာမေးပွဲရှိတယ်၊ အခုလို မီးရထားပြေးဆွဲပေးတဲ့အတွက် စာမေးပွဲလာရောက်ဖြေဆိုမှုအတွက် သွားရလာရတာ ပိုပြီး အဆင်ပြေသွားပါတယ်။ တကယ်လို့များ ကျောင်းသား ကျောင်းသူတွေ ပိုပြီးစီးနင်းလာရင် မီးရထားအနေနဲ့ ထပ်မံတိုးချဲ့ပြေးဆွဲပေးပါလို့လည်း ကျွန်တော်က မေတ္တာရပ်ခံပါ တယ်။

ဦးကိုကိုကျော် (တိုင်းမန်နေဂျာ) တိုင်းအမှတ်(၇)၊ မြန်မာ့မီးရထား

မြန်မာ့မီးရထားအနေနဲ့ လက်ရှိ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်တွေ ပြေးဆွဲလျက်ရှိပြီး ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ ခရီးသွားလာမှုအဆင်ပြေစေဖို့အတွက် ဒဂုံတက္ကသိုလ်ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကို ပြေးဆွဲတဲ့အချိန်က အစောဆုံးရထား နံနက် ၆ နာရီ ၁၅ မိနစ်ထွက်ပါမယ်။ ဒုတိယရထား ၇ နာရီ ၄၅ မိနစ် ထွက်ပါမယ်။ တွဲဆိုင်းနှစ်ဆိုင်းနဲ့ ကျွန်တော်တို့အသွားအပြန် ၁၂ ခေါက် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြေးဆွဲပေးတဲ့ တွဲဆိုင်းတွေက BEL (Battery Electric Locomotive) ဆိုတဲ့ ဘက်ထရီစက်ခေါင်းနဲ့ ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ အဲဒီမှာ တွဲခြောက်တွဲပါပြီး တစ်တွဲမှာ ခရီးသည် ၆၂ ဦးနဲ့ ကျောင်းသား ကျောင်းသူ ၄၀၀ နီးပါး လိုက်ပါစီးနင်းနိုင်ပါတယ်။ ရပ်တန့်မယ့် ဘူတာတွေကတော့ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်လာမယ်ဆို ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်၊ တိုးကြောင်ကလေး၊ ဒဂုံတက္ကသိုလ်တို့ဖြစ်ပါတယ်။ လက်မှတ်ခနှုန်းထားတွေကတော့ ဘယ်ဘူတာကိုစီးစီး ငွေကျပ် ၅၀၀ ပါ။ မြန်မာ့မီးရထားကနေ ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ အဆင်ပြေအောင် BEL ဘက်ထရီစက်ခေါင်းနဲ့ ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရထားလိုက်ပါ စီးနင်းအားပေးကြပါ၊ စီးနင်းတဲ့အခါမှာ ရထားပေါ်မှာ စည်းကမ်းရှိရှိ စီးနင်းခြင်းအားဖြင့် ကူညီပေးကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

ကျော်စိုးဝင်း၊ ဓာတ်ပုံ-သီဟ

No comments:

Post a Comment