Saturday, September 19, 2026

ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး သဘောထားအမြင်များဆွေးနွေး

 


နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မပြတ်ထိတွေ့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဖွဲ့အလိုက်ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်များကို တည်ဆောက်လျက်ရှိသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများအစု အဖွဲ့ ၃၂ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံရေးပါတီများသည် ပြည်သူလူထုကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်၍ ပြည်သူလူထု၏သဘောထားအမြင်များ၊ နိုင်ငံရေးပါတီများ၏ သဘောထားများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ဆွေးနွေးရန် သဘောတူညီထားသည့် ဆွေးနွေးချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများ တရားဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် နိုင်ငံရေးပါတီများအနေဖြင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး နိုင်ငံရေးပါတီများက ကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် အဆိုပါဒေသများတွင်နေထိုင်ကြသည့် နိုင်ငံရေးပါတီများက ငြိမ်းချမ်းရေးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ပိုမိုသိရှိနားလည်ကြသည်။ ယခင်ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများတွင်ရှိသည့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ မူလနေရပ်တွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရေးတို့ကို ဆွေးနွေးအဖြေရှာနိုင်ကြမည်ဖြစ်သည်။

ယခင်အတွေ့အကြုံနှင့် အောင်မြင်မှုများအပေါ်အခြေခံပြီး လက်ရှိနိုင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမိုချိတ်ဆက်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်၊ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဦးတည်ချက်၊ အသွင်ကူးပြောင်းရေးမဟာဗျူဟာနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ နိုင်ငံရေးပါတီ ၃၂ ပါတီမှ ကိုယ်စားလှယ်များသည် ယခင်လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စများ၊ ငြိမ်းချမ်း ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများ ဆောင်ရွက်နိုင်မှု၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်မှု၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့် အချက်များ၊ ပြည်သူလူထုအား အသိပညာပေးဆောင်ရွက်နိုင်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး နှစ်ပေါင်းရှည်ကြာလာခဲ့ပြီးဖြစ်သော မငြိမ်းချမ်းသောဆိုးမွေများကို ပြည်ထောင်စုကြီးနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ခံစားနေကြရသည်။ ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားပြည်သူ အားလုံးလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံး တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

No comments:

Post a Comment